25.6 C
Yangon

မန္တလေးမြို့ကို ဗဟိုပြု၍ အင်အား ၄ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ရှားမှု ပြည်သူများအားလုံး အထိတ်တလန့်ဖြင့် နေအိမ်များမှ ဆင်းပြေးရ၊ စစ်ကိုင်းငလျင်ကြီး ၄ လပြည့်ချိန်တွင် ငလျင်ထပ်မံ လှုပ်ခတ်ခြင်းဖြစ်

Must read

ရန်ကုန်၊ ဇူလိုင် ၂၈

မန္တလေးမြို့ကို ဗဟိုပြု၍ အင်အား ၄ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ရှားမှု ပြည်သူများအားလုံး အထိတ်တလန့်ဖြင့် နေအိမ်များမှ ဆင်းပြေးရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၀၀ နာရီ ၀၁ မိနစ်အချိန်ခန့် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄ ဒသမ ၇ အဆင့်ရှိ အင်အား အသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း၊ အဆိုပါ ငလျင်နှင့် စစ်ကိုင်းငလျင်ကြီး၏နောက်ဆက်တွဲငလျင်များကြောင့်ထိခိုက်ဆုံးရှုံးမှုများလျော့နည်းစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြပါရန် အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

“ကိုင်ဆောင့်လိုက်သလိုကို ငလျင်က လှုပ်တာ။ အကုန်အိမ်တွေပေါ်က ဆင်းပြေးကြတယ်။ အချိန်က နည်းနည်းတော့ သိပ်မကြာဘူးပေါ့။ ကြာရင်လည်း အိမ်တွေပါ ပြိုကုန်မှာ။ ငလျင်က ပစ္စည်းတစ်ခုကို အမြင့်ကနေ ဆောင့်ချလိုက်သလို အသံမြည်ပြီး ကိုင်ဆောင့်သလိုကို လှုပ်တာ” ဟု မန္တလေးမြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

ယနေ့ နံနက်အစောပိုင်း လှုပ်ခတ်သော ငလျင်ကို စစ်ကိုင်းမြို့တွင်လည်း သိသာစွာ ခံစားရကြောင်း၊ ငလျင်ကြောင့် ပြည်သူအများအပြား အိမ်အပြင်ဘက်တွင် အချိန်ကြာမြင့်စွာ နေခဲ့ကြသော်လည်း မိုးရွာသည်းမည့်အခြေအနေများကြောင့် နေအိမ်အတွင်း ပြန်ဝင် နေထိုင်ခဲ့ရသည်ဟု သိရှိရသည်။

ရွှေမင်းဝင် အရေးပေါ်ကယ်ဆယ်ရေးနှင့်လူမှုကူညီရေးပရဟိတအသင်းမှ ဆရာတော် အရှင်စန္ဒော ဘာသက ယနေ့ နံနက်အစောပိုင်း လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ဘုန်းကြီးကျောင်း မျက်နှာကျက်များ ကွာကျခဲ့ကြောင်း၊ လူထိခိုက်မှုမရှိသော်လည်း ပျက်စီးမှု ကြီးမားသည်ဟု လူမှုကွန်ရက်တွင် ရေးသားထားသည်။

” ၁၂း၀၀ နာရီ သန်းခေါင်ယံအချိန် ဦးဇင်း ဦးဇင်း မျက်နှာကျတ်တွေ ကွာကြလာလို့တဲ့။ သြော် ကိုယ် အထင် အသေးလေးပဲ ကွာကြာတာပေါ့။ မြင်လိုက်ရတဲ့ အချိန် အချပ်လိုက်ကြီး ကွာကြလာ ။ အိပ်နေတဲ့ မိသားစု (၅) ယောက် ဘာမှ မဖြစ်လို အရမ်းကံကောင်းသွား ပထမ အချပ်သေးကွာကြချိန် အိပ်ယာထဲ မှ အိပ်နေကြသော မိသားစုများ ဝရုန်းသုန်းကား ထပြေးကုန်လို့ …ကဲအခု တော့ မအိပ်ရဲကြတော့ဘူး” ဟု အရှင်စန္ဒော ဘာသက လူမှုကွန်ရက်တွင် ရေးသားထားသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ မတ်လ ၂၈ ရက်နေ့ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ စစ်ကိုင်း ငလျင်ကြီး လှုပ်ခတ်ပြီးနောက် ယနေ့ ဇူလိုင်လ ၂၈ ရက်နေ့အထိ ၄ လပြည့်အတွင်း ငလျင်ပေါင်း ၂၁၄ ကြိမ် လှုပ်ခတ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ယနေ့နံနက်အစောပိုင်း ငလျင်ကြောင့် ဘုန်းကြီးကျောင်း မျက်နှာကျက်များ ပြိုကျစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article