ကရင်ပြည်နယ် ကော့ကရိတ်လမ်းပိုင်းရှိ ကျေးရွာများမှ ပြည်သူပိုင် ပစ္စည်းအများအပြားကို အကြမ်းဖက်စစ်ကာင်စီနှင့် DKBA ဘိုဘိအဖွဲ့က ခိုးယူသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဇူလိုင်လ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့များတွင် ကော့ကရိတ်လမ်းပိုင်း နွားခြံကုန်းရွာရှိ ဟိန္ဒူနှင့် အစ္စလာမ်ဘာသာဝင်များ၏ နေအိမ်များမှ ပစ္စည်းများ၊ ဒေသပြည်သူများ၏ ရော်ဘာခြံများ အတွင်းရှိ နေအိမ်များမှ ပစ္စည်းများကို အကြမ်းဖက်စစ်ကာင်စီနှင့် DKBA ဘိုဘိအဖွဲ့ကခိုးယူသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
“နွားခြံကုန်းက ပစ္စည်းတွေခိုးပြီး ကျုံးဒိုးမြို့က ရသေ့ကျောင်း ခေါ် ဓမ္မသုခကျောင်းမှာ ထားပြီး ဘားအံ ၂၂တပ်ဘက်သို့ သယ်တယ်”ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ထို့ပြင် ဇူလိုင်လ ၂၈ ရက်နှင့် ၂၉ ရက်နေ့များတွင် အကြမ်းဖက်စစ်ကာင်စီသည် ၆ ဘီးကား အလွတ်များနှင့် ဘားအံမှ ကျုံဒိုး ကော့ကရိတ်လမ်းပိုင်းသို့ တက်လာကာ ၅ တိုင် ၊ ၆တိုင် ၊ ၇တိုင်၊ ၉တိုင်နှင့် ညီညာသာလင်း ၊ ရေပူ၊ ပိုင်ရရွာစသည့် ရွာများ၏ လမ်းဘေးဝဲယာရှိ အိမ်များမှလည်း ဆိုင်ကယ်၊ထွန်စက်၊ ရေခဲသေတ္တာ၊ အိမ်သုံးပစ္စည်းများကို ခိုးယူကာ ယနေ့ ဩဂုတ်လ ၂ ရက်နေ့ နံနက် ၈ နာရီတွင် ဘားအံဘက်သို့ ခိုးရာပါပစ္စည်းများ သယ်သွားကြောင်းဒေသပြည်သူများက ပြောဆိုသည်။
ထို့ပြင် ရသေ့ကျောင်းတွင် ထားသည့် ခိုးယူပစ္စည်းအချို့ကို အကြမ်းဖက် စစ်ကောင်စီ နှင့် DKBA ဘိုဘိ တို့က ၎င်းတို့၏ စကားပြောစက်၊ဖုန်း၊ ဆိုလာ လျှပ်စစ်ပစ္စည်းပြင်ပေးသူနှင့်ဆက်စပ်သူများကို ပြန်လည်ရောင်းချခဲ့သည်များလည်း ရှိကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
“ကျုံဒိုး ဗလီ အနီးက စကစ၊ရဲ ၊BGF လက်နက်ကိုင် အဖွဲ့ တွေရဲ့ စကားပြောစက်၊ဖုန်း၊ ဆိုလာ လျှပ်စစ်ပစ္စည်းပြင်ပေးသူ မက်လန် ရဲ့ သမက် အီဆာ က စစ်ကောင်စီနဲ့ DKBA တို့ ခိုးယူလာတဲ့ ပစ္စည်းတွေကို ဝယ်ပြီး မော်လမြိုင်ဘက်ကို တစ်ဆင့် ပို့ရောင်းတာလည်း ရှိတယ်”ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဓာတ်ပုံ- DKBA ဗိုလ်ဘိအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ပူးပေါင်း၍ ကော့ကရိတ်တွင် လုံခြုံရေးယူထားစဉ်။
