By – ရန်ကုန်ခေတ်သစ်
“ထမင်းကျွေးတဲ့အခါမှာ တခါတလေကျရင် ထမင်းထဲမှာ တီကောင်တွေ ပါတာရှိတယ်၊ အသားမပါတဲ့ ငါးခြောက်ခေါင်းတွေ ကျွေးတယ်၊ အဲဒီထဲမှာ လောက်တွေ ပါတယ်။ ဖိနပ်နဲ့ ပါးရိုက်တာတွေ၊ ရိုးရိုးတန်းတန်းလည်း ပါးရိုက်တယ်၊ ထိုးတာလည်း ရှိတယ်၊ ကန်တာလည်း ရှိတယ်။ KNDO စစ်ကြောင်း မှူးက အချုပ်ခန်းတံခါးကို လာဖွင့်ပေးတယ်၊ တအားမှောင် နေတဲ့ အချိန်မှာ အလင်းရောင်မြင်လိုက်ရသလိုပဲ။ ဒီခွန်အားတွေနဲ့ စစ်ကောင်စီကို ပြန်ပြီး တိုက်ခိုက်မယ်လို့ ကတိပေးတယ်”
ဇွန်လ ၁၃ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဝေါလေရဲစခန်းကို KNDO ပူးပေါင်း တပ်ဖွဲ့ က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး PDF ၉ ဦးကို ကယ်ထုတ်နိုင်ခဲ့သလို ရဲ ၅ ဦးကို အရှင်ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်းရမိခဲ့သည်။
KNDO က ဝေါလေရဲစခန်းကို သိမ်းပိုက် ကယ်ထုတ်လာခဲ့သည့် PDF ၉ ဦး အဖွဲ့မှ ဗမာ့လူငယ်ကွန်ရက် စစ်ရေး ခေါင်းဆောင်ဖြစ်သူ ရဲဘော်ကိုဂျိုးကို ရန်ကုန်ခေတ်သစ်က တွေ့ဆုံ မေးမြန်းထားသည်။
မေး။ ။ ပထမဆုံး ရဲဘော်ကိုဂျိုးအပါအဝင် ၉ ဦး စစ်တပ်ရဲ့ ဖမ်းဆီးခံခဲ့ရတဲ့ ဖြစ်စဉ် ကို ပြောပေးပါ။
ဖြေ။ ။ လေးကေ့ကော်မှာ တိုက်ပွဲတွေဖြစ်တော့ စခန်းတွေ ရွှေ့ရတယ်၊ ကျနော် တို့အဖွဲ့က အင်အား ၃၀ ကျော်ရှိတယ်၊ လက်နက်တွေ မလောက်ဘူး၊ အဲဒီတော့ စခန်းတွေ ရွှေ့ရတယ်။နောက်ဖလူးဘက်က အဖူး ဗိုလ်စလုံးတို့ စခန်းကို ရောက် တယ်။
အဲဒီမှာ တိုက်ပွဲတွေ ထပ်ဖြစ်လာတော့ ကျနော့်ရဲဘော်တွေမှာ လက်နက်တွေ မရှိဘူး၊ လက်နက်မရှိတဲ့အတွက် တချို့ရဲဘော်တွေကို KNDO ဌာနချုပ် ဆီပို့တယ်၊
တချို့ကျတော့ အောင်အောင်ကျော်တို့ ABIA ဆီ ရောက်သွားတယ်ပေါ့။ အောင်ကျော် နဲ့ ကျနော်က အရင်က မဟာမိတ်တွေ ဖြစ်တဲ့အတွက် သူက ကမ်းလှမ်းတယ်၊ ဒုက္ခသည်စခန်းတွေမှာ နေမယ့်အစား သူ့ဆီမှာ လာနေဖို့၊ သူက ကျနော်တို့ကို တပ်ခွဲ ၁ ခွဲစာ ပြန်ပြီး လုပ်ပေးမယ် ဆိုပြီးတော့ ကမ်း လှမ်းတယ်။
တကယ်လည်း ရောက်တဲ့အခါကျတော့ သဘောတူညီချက်အတိုင်းဖြစ်မလာဘဲ အောင်အောင်ကျော်က သူ့ ABIA အထဲကို ဝင်ခိုင်းတယ်။ အဲဒီမှာ သူနဲ့ ကတောက်ကဆတွေ ဖြစ်ပြီးတော့ ကျနော်တို့ ပြန်ထွက်လာတယ်၊ ပြန်ထွက်လာတော့ ဥကရစ်ထစခန်းမှာ ကျနော်တို့ ဖမ်းဆီးခံရတယ်။ ကျနော်တို့ ဖမ်းဆီးခံရတဲ့ပုံက ကျနော်တို့ ကားကို တားလိုက်တယ်၊ သွားနေတဲ့ ကားတွေ အများကြီးထဲမှာမှ စစ်တပ်က ဗိုလ်အဆင့်ရှိ တယောက်က ကျနော်တို့ ကားကို တားတယ်၊ ပြီးတော့ အထက်ကို ဖုန်းဆက်တယ်၊
အဲဒီမှာ စကားပြောသံ ကြားရတာက ဒီလူ ၉ ယောက်လုံး ပါပါတယ် ဆိုပြီး ပြောနေတာ ကြားတယ်။ ဆံပင်ရွှေရောင်နဲ့ တယောက်ပါတယ်၊ မိန်းကလေး ဘယ်နှစ်ယောက်ပါတယ်၊ ယောက်ျားလေးဘယ်လောက်ပါတယ် ဖမ်းလိုက်ပါပြီ ဆိုပြီး ကျနော်တို့ကို ဖမ်းတယ်။ ကျနော်တို့ကို ဝေါလေ ရဲစခန်းကိုပို့တယ်၊ ရဲစခန်းမှာ ၃ လနဲ့ ၁၃ ရက် နေခဲ့ရတယ်။
မေး။ ။ ဝေါလေရဲစခန်းကို ရောက်တော့ ဘယ်လို စိုးရိမ်မှုတွေရှိလဲ။
ဖြေ။ ။ ဖြေ။ ။ ဝေါလေရဲစခန်းကို စစ ရောက်ချင်းမှာတော့ ကျနော် စိတ်ဓါတ်ကျသွားတယ်၊ ကျသွားတယ်ဆိုတာက ကျနော်က ဗမာ့လူငယ်ကွန်ရက်မှာ စစ်ရေးတာဝန်ခံအဖြစ် ထမ်းဆောင်ခဲ့တယ်၊ ကျနော် ပါသွားတဲ့အချိန်မှာ ကျနော်က UG ရော၊ တောတွင်းတပ်ဖွဲ့ ၂ ခုလုံးကို ကိုင်တွယ်ထားတဲ့အခါကျတော့ ကျနော့်ဖုန်းထဲမှာ အချက်အလက်တွေ ပါတာတွေ ရှိတယ်။ ဒီ UG တွေနဲ့ ပတ်သက်ပြီး အပေါ်က ချပေးတဲ့ အမိန့်တွေ ရှိတယ်၊ ဒါတွေနဲ့ ပတ်သက်ပြီး ကျနော်အဖမ်းခံရတော့ သူတို့ အဆင်ပြေပါ့မလား တွေးရတယ်။
အဖမ်းခံရတဲ့ထဲမှာ အမျိုးသမီးရဲဘော်တွေလည်း ပါလာတယ်။ အဲဒီအတွက် စစ်တပ်က မတော်မတရား လုပ်ရင် ငါတို့ ဘယ်လိုခံစားရမလဲ တအား စိုးရိမ်မှုတွေ ဖြစ်ခဲ့တယ်။ တဖြည်းဖြည်းနဲ့ ၁၅ ရက်လောက် ဖြစ်လာတဲ့အခါကျတော့ ဘာသွားတွေးမိလဲဆိုတော့ ငါတို့ကို ငါတို့ရဲ့ ရဲဘော်တွေ ဆရာတွေက အချိန်တန်ရင် လာပြန်ကယ်မှာပဲ ဆိုတဲ့ စိတ်နဲ့ အားတင်းထားနိုင်ခဲ့တယ်။ မြဝတီကို မပို့ပါစေနဲ့လို့ပဲ ဆုတောင်းခဲ့တယ်။ မြဝတီ မပို့သ၍ ငါတို့မှာ မျှော်လင့်ချက်ရှိတယ်လို့ အားတင်းထားတယ်။
မေး။ ။ ဝေါလေ ရဲစခန်းက ကျွေးတဲ့ အစားအစာတွေထဲမှာ လောက်တွေ၊ စတီးဖတ်တွေ ပါတယ်လို့ သိရတယ်၊ ဘယ်လိုတွေ စားခဲ့ရလဲ။
ဖြေ။ ။ စစ အဖမ်းခံရချိန်မှာတော့ ကျနော်တို့ကို ခြိမ်းခြောက်ပြီး မေးကြတယ်၊ သူတို့ထဲကမှ စခန်းမှူးအဆင့်ရှိတဲ့ ရဲအုပ်က ကျနော့်ကို ပြောတယ်၊ ဒီကလေးတွေ အကုန်လုံးရဲ့ အသက်က မင်းအပေါ်မှာ မူတည်တယ်ဆိုပြီးတော့ ပြောတယ်။ မင်းဖြေတဲ့အပေါ်မှာ မူတည်တယ်ဆိုပြီး ကျနော့်ကို စစ်မေးတယ်၊ သူတို့ အဓိကမေးတဲ့အကြောင်းအရာတွေကို ကျနော်က လွှဲပြီး ဖြေထားလိုက်တယ်၊ ABIA နဲ့ပဲ ပတ်သက်တယ်ဆိုပြီးတော့ပဲ ဖြေလိုက်ရတယ်။
ပထမ ၂ ရက်လောက်အထိ အစားအသောက်က အပြင်က ဟင်းဝယ်ကျွေးတယ်နဲ့ တူတယ်၊ ကြက်သွေးတွေ ဘာတွေ စားရတယ်။ ဝေါလေစခန်းထဲမှာ ဝေါလေနဲ့ စုကလိ ဆိုပြီး စခန်းခွဲ ၂ ခု ရှိတယ်၊ ကျနော်တို့ကို တာဝန်ယူရတာက စုကလိက တာဝန်ယူတယ်။ ရဲအုပ်လှသိန်းက စခန်းမှူးအနေနဲ့ တာဝန်ယူထားတယ်။
ထမင်းကျွေးတဲ့အခါမှာ တခါတလေကျရင် ထမင်းထဲမှာ တီကောင်တွေ ပါတာရှိတယ်၊ အသားမပါတဲ့ ငါးခြောက်ခေါင်းတွေ ကျွေးတယ်၊ အဲဒီထဲမှာ လောက်တွေ ပါတယ်၊ ပြီးတော့ မာလာဖူး ကျွေးတယ်၊ သူတို့ကျွေးတာ မာလာဖူးကို သဲတရှပ်ရှပ်နဲ့ ဒီအတိုင်းကျွေးတယ်၊ မာလာဖူးနဲ့ ထမင်းနဲ့ ဒီတိုင်းစားခဲ့ရတယ်။ နောက် မာလာဖူးတွေကို ကြော်ပြီး ထမင်းနဲ့ကျွေးတယ်၊ သူတို့ ဘယ်လိုကြော်လဲမသိဘူး ကျနော်တို့ ဘယ်လိုမှ စားမရဘူး။
ထမင်းထဲမှာ အိုးတိုက်ခွေမှာ ပါတဲ့ စတီးဖတ်တွေ ပါလာတယ်၊ စတီးဖတ်ပါတာကတော့ ခဏခဏ ကြုံရတယ်။ နောက် သရက်သီး အစိမ်းနဲ့ ထမင်းကျွေးတယ်၊ သရက်သီးကို သူတို့ဆီမှာ ရှိတဲ့ ငါးပိရည်နဲ့ ရောနယ်ပြီး ကျွေးတာ၊ အဲဒီအချိန်မှာ ထမင်း ၂ နပ်ကျွေးတယ်၊ နေ့လယ်နဲ့ ည ကျွေးတယ်၊ မနက်စာ ကျနော်တို့ မစားရဘူး။
မေး။ ။ ရိုက်နှက်တာတွေရော မရှိဘူးလား။
ဖြေ။ ။ ကျနော်တို့ထဲက ရဲဘော် ၁ ယောက်ကိုတော့ ရိုက်နှက်တာရှိတယ်၊ ကျန်တဲ့သူတွေက မရိုက်ဘူး၊ စခန်းမှူး လှသိန်းဆိုတဲ့သူက အဲဒီရဲဘော်ကို အချုပ်ခန်း အိမ်သာမှာ သုံးဖို့ ရေခပ်ရင် သူ့ကို ခိုင်းတယ်၊ ခပ်ခိုင်းတဲ့အခါမှာ ဖိနပ်နဲ့ ပါးရိုက်တာတွေ၊ ရိုးရိုးတန်းတန်းလည်း ပါးရိုက်တယ်၊ ထိုးတာလည်း ရှိတယ်၊ ကန်တာလည်း ရှိတယ်။
မေး။ ။ စစ်တပ်က လာပြီးတော့ ရိုက်နှက်စစ်ဆေးတာရှိလား။
ဖြေ။ ။ ကျနော်တို့ရှိတဲ့အချိန်မှာ နှိပ်စက်တဲ့ဟာမျိုးမှာတော့ စစ်တပ်က ဝင်ပါတာမျိုးမရှိဘူး၊ ဗျူဟာကုန်းကနေ ဖုန်းဆက်တယ်၊ စခန်းမှူးအပါအဝင် အရာရှိတွေကို ခဏခဏ လှမ်းခေါ်ပြီး ကျနော်တို့ဆီက သိချင်တာတွေကို မေးကြတယ်။
မေး။ ။ KNDO က ဝေါလေ ရဲစခန်းကို လာတိုက်တဲ့ မနက်က အခြေအနေပေါ့၊ ရဲဘော်ကိုဂျိုးတို့ ဘယ်လို ကြုံတွေ့ခဲ့ရလဲ။
ဖြေ။ ။ ၁၃ ရက်နေ့ မနက် ၄ နာရီကျော်ကျော်လောက်မှာ စပြီး သေနတ်သံ ကြားတယ်၊ ဝေါလေစခန်းကို ခဏခဏ လာပြီး ပစ်ခတ်တာတွေ ရှိတယ်ဆိုတော့ သာမန်လို့ပဲ ထင်ထားတာ၊ အဲဒီမှာ လက်နက်သံတွေက စိပ်လာတယ်၊ ပထမ အော်တိုနဲ့ ပစ်နေတာကနေ စက်လက်သံတွေ ကြားလာတယ်၊ စခန်းထဲ နေရာချခိုင်းတဲ့ အသံတွေ ကြားလာတယ်၊ လက်နက်ကြီးကျတဲ့ အသံတွေလည်း ကြားတယ်၊ ကျနော်တို့ ကလေးတချို့ကလည်း ကြောက်တယ်၊ တချို့ကလည်း ငိုကြတယ်၊ လုံခြုံတဲ့နေရာတော့ မရှိဘူးပေါ့၊
အချုပ်ခန်းရဲ့ ဗူးစင်ဘေးမှာ ကျနော်တို့ အကုန်လုံး သွားဝပ်နေကြတယ်။ နောက်ဆုံး စခန်းသိမ်းတဲ့ ဝီစီသံ ကြားတော့မှ ငါတို့ကို လာကယ်တာ သေချာသွားပြီ၊ အပြင်မှာလည်း ကရင်ဘာသာစကားနဲ့ ပြောနေတဲ့ အသံတွေ ကြားရတယ်၊ အဲလိုဆိုတော့ ငါတို့ကို KNDO ကလာကယ်ပြီ၊ ငါတို့ ဆရာတွေ၊ ငါတို့ရဲဘော်တွေ၊ ငါတို့ သူငယ်ချင်းတွေက လာကယ်ပြီဆိုပြီး စိတ်လုံးလုံးကျသွားတာ။
မေး။ ။ အချုပ်ခန်းတံခါးကို လာဖွင့်တာ ဘယ်သူလဲ၊ အဲဒီအချိန် ဖြစ်တဲ့ ခံစားမှု ပြောပေးပါ။
ဖြေ။ ။ ကျနော်တို့ကို အချုပ်ခန်းတံခါး လာဖွင့်ပေးတာက စစ်ကြောင်းမှူး ဆရာ ကိုဝင်းမြင့်၊ ကျနော်တို့ကို မကယ်ခင် ဒီရဲစခန်းကို သူလာပြီး အခြေအနေတွေ လာစုံစမ်းတာတွေ လုပ်ခဲ့တယ်။ ဆရာ ကိုဝင်းမြင့်နဲ့ ကျနော်နဲ့လည်း ရင်းနှီးမှု အနည်းငယ်ရှိခဲ့တယ်ဆိုတော့ ကိုယ့်ဆရာတယောက်က ကိုယ့်ကို လာပြန်ကယ်တဲ့အခါ ဝမ်းသာတာပေါ့။ အချုပ်ခန်းအပြင်ရောက်တော့လည်း နဂိုက အတူတူ သင်တန်းတက်တဲ့ ရဲဘော်တွေ ရှိတယ်၊ ကျနော့်ဆီက သင်တန်းတက်ပြီး ဆင်းသွားတဲ့ ကျနော့်ရဲဘော်တွေရှိတယ်၊ စခန်းကို လာတိုက်တဲ့အချိန် အဲဒီရဲဘော်တွေပါ ပါလာတယ်ဆိုတော့ တအား ဝမ်းသာတယ်။ ကျနော်တို့က မျှော်လင့်ချက် တအား မဲ့နေပြီ၊ ကျနော်တို့ကို စစ်ကြောရေးပို့မယ်လို့ ကြားနေတယ်၊ ကျနော်က ဖုန်းမိထားတာဆိုတော့ စစ်ကြောရေးရောက်ရင် ကျနော် မသက်သာဘူး၊ အခြားသူတွေက နည်းနည်းသက်သာမယ်လို့ စခန်းထဲက ရဲ ၁ ယောက်က ပြောတယ်။ အဲလို အချိန်မှာ အခုလို လာကယ်တာနဲ့ ကြုံတော့ ပျော်တယ်ဆိုတာထက်ကို ခံစားချက်က အတိုင်းမသိဘဲ။ တအားမှောင်နေတဲ့အချိန်မှာ အလင်းရောင်မြင်လိုက်ရသလိုပဲ။
မေး။ ။ အခု ရဲဘော်ကိုဂျိုးတို့အဖွဲ့က ရဲဘော်ကိုဂျိုးအပါအဝင် ၆ ယောက်က ဗိုလ်စလုံး အထူးကွန်မန်ဒိုတပ်ရင်းရဲ့ ဆင်ဖြူတပ်ရင်းမှာ ပူးပေါင်းတယ်ပေါ့၊ အဲလိုဆိုတော့ ရှေ့ဆက်ဘယ်လိုလုပ်မလဲ၊ ပြည်သူတွေကို ဘာပြောချင်လဲ။
ဖြေ။ ။ ကျနော်တို့က အခုမှ ပြန်ပြီး လွတ်လာတာ ဆိုတော့လေ အများကြီး လိုအပ်တာတွေ ဖြစ်နေတယ်၊ ဥပမာ ကလေးတွေဆို ဖုန်းတွေ မရှိတာ ဖြစ်နေတယ်။ အဓိကကတော့ တပ်ဖွဲ့ဝင် ဖြစ်လာရင် ယူနီဖောင်း လိုလာပြီ၊ လက်နက်လိုလာပြီ၊ ဒါတွေကို ကျနော်တို့ အတွက်ဆိုပြီးတော့ ပြည်သူလူထုကပဲ ဖြစ်ဖြစ်၊ အလှူရှင်ကပဲ ဖြစ်ဖြစ် ကူညီထောက်ပံ့ချင်တယ်ဆိုရင် ဗိုလ်စလုံးဆီသော်လည်းကောင်း၊ တပ်ခွဲမှူး ဖိုးကာဆီကိုသော်လည်းကောင်း၊ ကျနော့်ဆီကိုသော်လည်းကောင်း တိုက်ရိုက် ပံ့ပိုးပေးလို့ရတယ်လို့ ပြည်သူတွေကို တောင်းဆိုချင်ပါတယ်။
ကျနော်တို့ ရှေ့ဆက်လုပ်ရမယ့် အလုပ်တွေ အများကြီး ကျန်သေးတယ်၊ ကျနော်တို့ လွတ်လာပေမယ့် အေးအေးဆေးဆေး ပြန်မနေချင်ဘူး၊ ဘာလို့လည်းဆိုတော့ ဒီလမ်းကို ကျနော်တို့ လျှောက်ခဲ့ပြီးသွားပြီ ထပ်ပြီး ဆက်လျှောက်ရဦးမယ်၊ ကျနော်တို့ အဖမ်းခံရတဲ့ ၃ လလောက်ကို အနားယူလိုက်တယ်လို့ပဲ သတ်မှတ်လိုက်တယ်၊ ဒီခွန်အားတွေနဲ့ စစ်ကောင်စီကို ပြန်ပြီး တိုက်ခိုက်မယ်လို့ ကတိပေးတယ်။