26.1 C
Yangon

စစ်ကိုင်း၊ တောင်းရင်းရွာအနီးသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုအတွင်း အလောင်းများ ထပ်မံတွေ့ရှိရပြီး သေဆုံးသူ ၁၆ ဦးအထိတိုးလာ၊ ပြည်သူ ၂၀ ဦးကျော် ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဩဂုတ် ၁၂

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တောင်းရင်းရွာအနီးကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှုအတွင်း အလောင်းများ ထပ်မံတွေ့ရှိရပြီး သေဆုံးသူ ၁၆ ဦးတိုးလာကြောင်း၊ ပြည်သူ ၂၀ ဦးကျော်မှာလည်း ထိခိုက်ဒဏ်ရာရထားကြောင်း ဒေသ တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဩဂုတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် စစ်ကိုင်းမြို့နယ်၊ တောင်း ရင်းရွာ အနီး ယာဉ်ရပ်နားသည့် စား သောက်ဆိုင်ကို အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ် တက်လာသော တိုက်လေယာဉ် ၂ စီး နှင့် မိတ္ထီလာလေတပ်မှ တက်လာသော တိုက်လေယာဉ် ၂ စီးတို့က လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀ ခန့် ပြုလုပ်ခဲ့ကြောင်း၊ ယမန်နေ့ လေကြောင်းတိုက် ခိုက်မှု ပြီးလျှင်ပြီးချင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ အလောင်း ၇ လောင်းတွေ့ရှိခဲ့ရကြောင်း သိရသည်။

ယနေ့တွင်လည်း အဆိုပါ လေကြောင်းတိုက်ခိုက်သည့် နေရာကို တော်လှန်ရေး တပ်ဖွဲ့များက ထပ်မံ နယ်မြေရှင်းလင်းရေး ပြုလုပ်ရာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးနေသော အလောင်း ၉ လောင်း ထပ်မံ တွေ့ရှိခဲ့ပြီး သေဆုံးသူ ၁၆ ဦးအထိ ရှိလာကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ ပြည်သူ ၂၀ ဦးကျော်ရှိကြောင်း သိရှိရသည်။

“သေဆုံးတဲ့သူ အများစုက စစ်ကိုင်းနဲ့ မတ္တရာမြို့နယ်တွေကပါ။ ခရီးသွားပြည်သူတွေနဲ့ ကုန်ကား သမားတွေ နားနေတဲ့ စား သောက်ဆိုင်ထဲမှာ ဗုံးကျတာ။ အဲဒီဆိုင် တည့်တည့်ကို ကျဲချသွားတာ။ မနေ့ကတော့ ၇ လောင်းပဲတွေ့ပြီး သဂြိုလ်လိုက်တာပေါ့။ လေယာဉ်တွေက အရမ်းဝဲနေတော့ နယ်မြေရှင်းတာ မနေ့က အကုန်မပြီးလိုက်ဘူး။ ဒီနေ့မှာ ၉ လောင်းထပ်တွေ့တယ်။ စုစုပေါင်း ၁၆ လောင်းရှိသွားပြီ” ဟု ဒေသတွင် တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ယမန်နေ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူများအားလုံးမှာ အရပ် သားပြည်သူများသာဖြစ်ပြီး တော်လှန်ရေးရဲဘော်များ ပါဝင်ခြင်းမရှိကြောင်း၊ စစ်တပ်က အရပ်သားပြည်သူများ သွားလာရာ နေရာနှင့် အဆောက်အအုံမှန်းသိလျက်ဖြင့် လေ ကြောင်း တိုက်ခိုက်မှု လုပ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း​ ဒေသတော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ- Oo Shine နှင့် CJ ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article