ရန်ကုန်၊ ဩဂုတ် ၁၆
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ လယ်လမ်းရွာကို အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲ၍ ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ပေါက်မြို့ ကပစ ၂၄ မှ စစ်သားများက ပေါက်မြိုနယ် တောင်ပိုင်းရှိ လယ်လမ်းရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်စ ထိမှန်ပြီး ကျေးရွာနေပြည်သူ အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၁ ဦး သေဆုံးကာ ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“ကပစ ၂၄ က စစ်ခွေးတွေက လက်နက်ကြီးနဲ့ ပစ်လို့ လယ်လမ်းရွာထဲကိုကျည်ကျတာ ပြည်သူ ၂ ဦးကတော့ ပွဲချင်းပြီးသေဆုံးတယ်။ ပြည်သူ ၂ ဦး ပြင်းထန်ဒဏ်ရာရထားတယ်။ ဒဏ်ရာအခြေအနေက စိုးရိမ်ရပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ မန္တလေးတိုင်း၊ မလှိုင်မြို့နယ်ကိုလည်း အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၁၅ ရက်နေ့ ည ၁၁ နာရီ ၁ မိနစ်ခန့်မှ စတင်ပြီး မလှိုင်မြို့ တောင်ဘက်ရှိ ကျေးရွာများကို မိတ္ထီလာလေတပ်မှ တက်လာသော စက်တပ်လေထီး ၁ စီးက ဗုံး ၅ လုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ကျေးရွာနေပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
“အခုက တောင်သာနဲ့ မလှိုင်ဘက်ကရွာတွေကို စစ်ခွေးတွေ စက်တပ်လေထီးတွေနဲ့ ညတိုင်းကို ဗုံးကျဲ တိုက်ခိုက်နေတာ ပြည်သူတွေကတော့ ရွာတွေထဲမှာ မအိပ်ရဲတော့ဘူး။ အကုန်ညဘက်ဆိုရင် ရွာထဲကနေ တိမ်းရှောင်ပြီး အိပ်နေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
