အာရ်ကန်ရိုဟင်ဂျာအမျိုးသားကောင်စီ (ARNC)ကလည်း ရိုဟင်ဂျာ ၆၀၀ ကျော်ကို AA က သတ်ဖြတ်ဟု ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ထား
ရန်ကုန်၊ ဩဂုတ် ၁၇
အကြမ်းဖက် စစ်တပ်က ကျူးလွန်ထားသည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ဖုံးကွယ်ရန်အတွက် AA ကို လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်နေ သည်ဟု အချိန်ကိုက် စွပ်စွဲလာခြင်းဖြစ်ကြောင်း AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက တုံ့ပြန်ပြောဆိုလိုက်သည်။
ဩဂုတ်လ ၁၅ ရက်နေ့ အကြမ်းဖက်စစ်တပ်က AA အနေဖြင့် ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တွင် ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်နေသည်ဟု ထုတ်ပြန်ပြောဆိုလာပြီးနောက် AA ဘက်က ယင်းကဲ့သို့ တုံ့ပြန်လာခြင်းဖြစ်သည်။
“ဒီဟာကတော့ ဇော်မင်းထွန်းတို နလအ အဖွဲက ပွဲလန့်တုန်း ဖျာခင်း၊ ချော်လဲ ရောထိုင်လုပ်တဲ့သဘောမျိုးပါပဲ။ အကြမ်းဖက်ဖက်ဆစ်စစ်ကောင်စီက သူတို့ကျူးလွန်ထားတဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို ဖုံးကွယ်ဖိုအတွက် ဘင်္ဂလီ မွတ်စ လင်အကြမ်းဖက်အဖွဲ့တွေနှင့် အကြမ်းဖက်အဖွဲ့အချင်းချင်းပူးပေါင်းချိတ်ဆက်ပြီးတော့ ချိန်ကိုက်စွပ်စွဲထုတ်ပြန်လာတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ မွတ်စလင်အကြမ်းဖက်အဖွဲတွေကို ဘယ်သူတွေ ဘယ်လိုကြံစည်မွေးထုတ်ခဲ့သလဲဆိုတာ မြန်မာပြည်သူတရပ်လုံးရှင်းရှင်းလင်းလင်းမြင်လာရပြီဖြစ်ပါတယ်။ ကျနော်တိုအနေနဲ့ကတော့ အမှန်တရားအပေါ်မှာရပ် တည်ပြီး ဆက်လက်ဖော်ထုတ်တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်” ဟု ခိုင်သုခက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စစ်တပ်၏ ထုတ်ပြန်ချက်တွင် ၂၀၂၄ ခုနှစ် မေလအတွင်း ဘူးသီးတောင်မြို့နယ်၊ အတွင်းငှက်သေကျေးရွာအုပ်စု ထန်းရှောက်ခံကျေးရွာမှာ ဒေသခံရွာသား ၆၀၀ ကျော်ကို AA က လူမျိုးတုံးသတ်ဖြတ်ခဲ့ကြောင်း၊ ထန်းရှောက်ခံရွာသည် မေယုမြစ်၏ အရှေ့ဘက်ခြမ်းဘူးသီးတောင် – ရသေ့တောင် ကားလမ်းဘေးရှီ ကျေးရွာဖြစ်ပြီး ဒေသအခေါ် ဟိုယာဆီးရီးဟု ခေါ်ဆိုကြောင်း၊ AA က ၂၀၂၄ ခုနှစ် မတ်လ ၂၂ ရက်နေ့မှစတင်၍ ဘူးသီးတောင်မြို့နယ်ရှိ စစ်တပ်စခန်းတစ်ခုကို စတင်တိုက်ခိုက်ခဲ့ပြီး ကျန်စစ်စခန်းများကိုလည်း ၀ိုင်းဝန်း ပိတ်ဆို့ခဲ့ပြီး နယ်မြေခံ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ကို AA က သိမ်းပိုက်ခဲ့ကြောင်း ထန်းရှောက်ခံ ရွာ သတ်ဖြတ်မှုဖြစ်ပွားချိန်တွင် စစ်တပ်က နယ်မြေတွင် ရှိမနေတော့ကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုထားသည်။
ထို့ပြင် AA က ဘူးသီးတောင်မြို့က ရပ်ကွက် ၇ ခုနှင့် ကျင်လတ်ကျေးရွာတို့က နေအိမ်များကိုလည်း မီးစတင်ရှို့ခဲ့ကြောင်း ၊၂၀၂၄ ခုနှစ် မေလ ၁၇ ရက်နေ့ AA က ဒရုန်းများသုံးပြီး ဘူးသီးတောင်မြို့ပေါ်ရှိ ဒုက္ခသည်များရှိနေသည့် စာသင်ကျောင်းကို ဗုံးချတိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံ ၂၀၀ နီးပါး ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြောင်းလည်း၊၂၀၂၄ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့တွင်လည်း မောင်တောမြို့အနောက်ဘက် နတ်မြစ်ကမ်းတွင် စစ်ဘေးရှောင်ရန် လှေစောင့်နေသည့် ရိုဟင်ဂျာများကို AA က ဒရုန်းဖြင့် ဗုံးကျဲသဖြင့် ရိုဟင်ဂျာ ၂၀၀ ကျော်သေဆုံးခဲ့ကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုထားသည်။
AA က လူမျိုးရေးအရ အငြိုးထားပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ရည်ရွယ်ချက်ရှိရှိဖြင့် ကျူးလွန်နေကြောင်း
AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကမူ AA အနေဖြင့် ရိုဟင်ဂျာ ၆၀၀ ကျော်ကို သတ်ဖြတ်ခဲ့သည်ဆိုသော စွပ်စွဲမှုများမှာ မဟုတ်မှန်ကြောင်း ဩဂုတ်လ ၁၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲ တွင် ငြင်းဆိုခဲ့ပြီးဖြစ်သည်။
ဘူးသီးတောင်တိုက်ပွဲမှ စစ်ကောင်စီတပ်သားများက ထန်းရှောက်ခံရွာသို့ ဆုတ်ခွာသွားခဲ့ပြီးနောက် AA က ချေမှုန်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲမှာ ၃ ရက်ကြာမြင့်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် စစ်သားများ ရာချီ သေဆုံးခဲ့ကြောင်း၊ ထန်းရှောက်ခံရွာသားများအနေဖြင့် တိုက်ပွဲမဖြစ်ပွားမီကတည်းကစစ်ရှောင်နေပြီဖြစ်ပြီး တိုက်ပွဲများ ဖြစ်ပွားပြီးနောက် စစ်ရှောင်သွားသည့် ထန်းရှောက်ခံကျေးရွာသား ၇၉၁ ဦးနေရပ်ပြန်ခဲ့ပြီဖြစ်ကြောင်း၊ လက်ရှိ ထန်းရှောက်ခံ ရွာသစ်တွင် အဆိုပါရွာသားများ နေထိုင်နေပြီး ယင်းစွပ်စွဲချက်ကို သတင်းရယူလိုပါက AA အနေဖြင့် ကျေးရွာသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ခိုင်သုခက ထုတ်ဖော်ပြောဆိုခဲ့သည်။
အာရ်ကန်ရိုဟင်ဂျာအမျိုးသားကောင်စီ (ARNC)၏ ယခုလဆန်းပိုင်း ထုတ်ပြန်ချက်တွင် ၂၀၂၄ ခုနှစ်၊ မေလ ၂ ရက်နေ့ ဘူးသီးတောင်မြို့နယ်၊ အတွင်းငှက်သေကျေးရွာအုပ်စု၊ ထန်းရှောက်ခံရွာ(ရိုဟင်ဂျာအခေါ်ဟိုယာစီးရီး)တွင် နေထိုင်သည့် ရိုဟင်ဂျာ ၆၀၀ ကျော်ကို AA ကအစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ကြောင်း သက်သေဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ကြေညာခဲ့သည်။
လက်ရှိတွင် အကြမ်းဖက်စစ်တပ်က ၂၀၁၆၊ ၂၀၁၇ ခုနှစ်ကာလ ရခိုင်ပြည်မှ ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်မှုဖြင့် ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးနှင့် ICC နိုင်ငံတကာရာဇဝတ်ခုံရုံးတို့တွင် အမှုရင်ဆိုင်နေရပြီး အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ICC တရားရုံးက ဖမ်း၀ရမ်းထုတ်ရန် လျှောက်ထားမှုများရှိနေကြောင်း နိုင်ငံတကာသတင်းများအရ သိရှိရသည်။
