မန္တလေးတိုင်းတွင် TNLA က သိမ်းပိုက်ထားသော မိုးကုတ်မြို့နယ်သို့ ယနေ့ နံနက်ပိုင်း စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးများ ကျဲချခဲ့ကြောင်း မိုးကုတ်မြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၁၇ ရက်နေ့ နံနက် ၈ နာရီ ၅၉ မိနစ်အချိန်နှင့် နံနက် ၉ နာရီ ၃ မိနစ်အချိန် စစ်ကောင်စီတပ်၏ တိုက်လေ ယာဉ် များ က မိုးကုတ်မြို့နယ် အရှေ့ပိုင်းသို့ ဗုံးများ ကျဲချခဲ့ကြောင်း၊ လတ်တလော ဗုံးကျဲမှုကြောင့် ထိခိုက်သေဆုံးမှု အခြေအနေ မသိရှိရသေးဘဲ လေကြောင်း အန္တရာယ် ထပ်မံ စိုးရိမ်နေရဆဲဖြစ်ကြောင်း သိရှိရသည်။
“တိုက်လေယာဉ်တွေက ရှေ့ဆင့် နောက်ဆင့်ပဲ ဗုံး ၇ လုံးကျဲသွားတယ်။ လောလောဆယ်သိရတာက မိုးကုတ်အရှေ့ပိုင်း
ဆေးရုံ အနောက်နဲ့ရုံးတွေနားချတာလို့ သိရတယ်။ မိုးကုတ်မြို့ အရှေ့ပိုင်း ဗျူဟာကုန်းနဲ့ စစ်တန်းဘက်လို့လည်းပြောတယ်။ အနောက်ပိုင်းကိုလည်း ကျဲတယ်ပြောတယ်။ အတိအကျ မသိရသေးဘူး။ နောက်ထပ် လေယာဉ်နဲ့ ထပ်အကျဲခံရမှာစိုးလို့ သွားမကြည့်ရဲသေးဘူး”ဟု မိုးကုတ်မြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ဩဂုတ်လ ၁၄ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် မိုးကုတ်မြိုအရှေ့ပိုင်း၊ ရွှေကူရပ်ကွက်ရှိ လင်းရောင်ခြည်ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် အမျိုးသမီး ၁၆ ဦးနှင့် အမျိုးသား ၅ ဦး စုစုပေါင်း ၂၁ ဦးသေဆုံးခဲ့ရသည်။
ဩဂုတ်လ ၉ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်အချိန် မိုးကုတ်မြို့ အရှေ့ပိုင်း ကျောက်နဂါးကျေးရွာ သို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ် ၁ စီးဖြင့် ဗုံးကျဲချခဲ့ရာ ကျောက်နဂါး ကျေးရွာ ဘုန်းကြီးကျောင်းသို့ ထိမှန်ခဲ့ပြီး အပြစ်မဲ့ ပြည်သူ ၅ ဦး သေဆုံးခဲ့သည်။
ဩဂုတ်လ ၂ ရက်နေ့ နံနက် ၈ နာရီ ၂၅ မိနစ်အချိန် မိုးကုတ်မြို့သို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံး လာရောက်ဗုံးကျဲချခဲ့ရာ ပြည်သူ ၁၂ ဦးသေဆုံးခဲ့ပြီး ၁၄ ဦးထိမှန်ဒဏ်ရာရရှိခဲ့သည်။
ထို့အတူ ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်မှ စတင်ပြီး အကြမ်းဖက် စစ် တပ်က မိုးကုတ်မြို့ပေါ်ကို လေယာဉ်ဖြင့် ဗုံး ၇ လုံးကျဲချခဲ့ကြောင်း၊ ယင်းနောက် နံနက် ၉ နာရီ ၄၀ မိနစ်အချိန်တွင် ဒုတိယအကြိမ်အဖြစ် လည်းကောင်း စစ်လေယာဉ်ဖြင့် ဗုံးကျဲချသွားသည်။
အလားတူ ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၉ မိနစ်အချိန်တွင်လည်း မိုးကုတ်မြို့နယ်၊ အရှေ့ရွာ၊ ဘီးတောင်၊ RQ ဟိုတယ်အနီးဝန်းကျင်သို့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးထပ်မံ ကျဲချခဲ့ပြီး ယနေ့ နံနက်ပိုင်း ၃ ကြိမ်မြောက် လေ ယာဉ် ဖြင့် ဗုံးကျဲချခဲ့သည်။
ဇူလိုင်လ ၂၆ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဂျက် ဖိုက်တာဖြင့် ရွှေလိပ်ပြာ ဟိုတယ်ကို ဗုံးကျဲ တိုက်ခိုက်ခဲ့သည်။
ဇူလိုင်လ ၁၃ ရက်နေ့ ညပိုင်းကလည်း မိုးကုတ်မြို့အရှေ့ပိုင်း ပန်းမထိပ်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးသီး ကျဲချ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၇ လုံးလည်း ထိခိုက် ပျက်စီးခဲ့သည်။
ဇူလိုင်လ ၉ ရက်နေ့ ည ၈ နာရီ ၁၈ မိနစ်အချိန် အကြမ်းဖက်စစ်ကောင်စီ၏ တံတားဦး လေတပ်မှ တက်လာသော စစ်လေယာဉ်က မိုးကုတ်မြို့အရှေ့ပိုင်း၊ တောင်ကချင်ရပ်ကွက်၊ ပန်းမ ထိပ်ဘက်ခြမ်းရှိ ကုလားခြံထဲသို့ ပေါင် ၃၀၀ ဗုံး ၁ လုံးကျဲချသွားကြောင်း၊ အဆိုပါ ဗုံးမှာ လူနေရပ်ကွက်ရှိ နေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၂ ဦး ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ကလေးငယ် များအပါအဝင် ပြည်သူ ၈ ဦးမှာလည်း ဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် ဇူလိုင်လ ၈ ရက်နေ့ နံနက် ၉ နာရီ ဝန်းကျင်အချိန်ကလည်း စစ်ကောင်စီက မိုးကုတ်မြို့အနောက်ပိုင်း ဂေါင်းဘာလျှိုစာသင် ကျောင်းအနီးသို့ လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၁ လုံးကျဲချသွားကြောင်း၊ ဗုံးကျဲမှုကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။
ဇွန်လ ၂၅ ရက်နေ့ ည ၁၁ နာရီ ၁၃ မိနစ်အချိန် မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ အရှေ့ပိုင်း၊ အုန်းကိုင်းဘုန်းကြီးကျောင်းအနီးသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးများ ကျဲချခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲမှုကြောင့် အုန်းကိုင်းကွက်သစ်မှ နေအိမ်များ၊ ကားများ ပျက်စီးပြီး အုန်းကိုင်း ဘုန်းကြီးကျောင်းမှာမူ မျက်နှာကျက်ပြိုကျခြင်း၊ ဆွမ်းစားဆောင်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။
မေလ ၁၃ ရက်နေ့ ည ၁၁ နာရီ ၄၉ မိနစ်အချိန် TNLA သိမ်းပိုက်ထားသော မန္တလေးတိုင်း၊ မိုးကုတ်မြို့ နယ် ရွှေလိပ်ပြာအနီးတဝိုက်သို့ လေယာဉ်ဖြင့် ဗုံးများကျဲချခဲ့သည်။


