ရန်ကုန်၊ ဩဂုတ် ၁၈
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ် နောင်ပိန်ရွာ ၅ ရပ်ကွက်ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၁၈ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ကျောက်မဲမြို့နယ် နောက်ပိန်ရွာ ၅ ရပ်ကွက်ကို လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ် တိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်များသည် ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူ ၁ ဦး သေဆုံးကာ လက်ရှိချိန်တွင် ပြည်သူများသည် ကား၊ ဆိုင်ကယ်များဖြင့် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။
“နောင်ပိန် ၅ ရပ်ကွက် ရှမ်းကျောင်းရှေ့ ညောင်ပင်နား ၁ လုံးကျတာ အသံအရမ်းကျယ်တယ်။ ပြီးတော့ ၃ ၊ ၄ လုံး ဆက်တိုက်ကျတာ လူတွေ ပြေးနေကြတုန်း။ ရွာထဲလည်း ကျတယ်ပြောတယ်။ မနက်တည်းက ဂုတ်တွင်းဘက်ကနေ ပစ်ခတ်သံတွေ တမနက်လုံး ကြားနေရတာ ခုက ရွာထဲကျလာတာ ၅ ရပ်ကွက်က နောင်ပိန်အထွက်ရပ်ကွက်ပါ ပြည်သူ ၁ ဦး သေဆုံးတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ဇူလိုင်လ ၂၆ ရက်၊ ၂၈ ရက်နှင့် ၃၀ ရက်တို့တွင်လည်း အကြမ်းဖက် စစ်တပ်က နောင်ပိန်ရွာထဲကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် သံဃာတော် ၁ ပါး နှင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် မန္တလေးတိုင်း၊ မိုးကုတ်မြို့ အနောက်ပိုင်း ကျပ်ပြင်ဈေး သီလရှင် ကျောင်းအနီးကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၁၈ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်ခန့်တွင် မိုးကုတ်မြို့ ကျပ်ပြင်ဈေး သီလရှင်ကျောင်းအနီးကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“မိုးကုတ်မြို့ ကျပ်ပြင်ဈေးက သီလရှင်ကျောင်းနားကို စစ်ခွေးတွေ လေယာဉ်နဲ့ ဗုံးကျဲသွားတာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
