25 C
Yangon

ဖားကန့်၊ ဆိုင်းတောင်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဩဂုတ် ၁၈

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဩဂုတ်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဆိုင်းတောင်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အတွင်း အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာ အခြေအနေ စိုးရိမ်ရကြောင်း သိရှိရသည်။

“ဖားကန့် ဆိုင်းတောင်ရွာဘက်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူတွေ နေတဲ့နေရာကို အကြမ်းဖက် စစ်တပ်က ဒရုန်းနဲ့ ၂ နေရာ တိုက်ခိုက်တဲ့အတွက် ပြည်သူ အမျိုးသမီး ၃ ယောက်နဲ့ အမျိုးသား ၁ ယောက် ထိခိုက်ဒဏ်ရာရတယ်။ အခြေအနေက စိုးရိမ်ရတယ်”ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ဖားကန့်မြို့ အနီးတဝိုက်တွင်လည်း တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီး ဩဂုတ်လ ၁၇ ရက်နေ့တွင်လည်း အမှိုက်ပုံရွာ တဝိုက်ကို လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

“တိုက်ပွဲ ၂ နေရာဖြစ်တယ် ညောင်ပင်ကုန်းရယ် အမှိုက်ပုံရယ် ။ ညနေ ၅ နာရီကျော်တဲ့အထိ ညောင်ပင်ကုန်းတစ်ဝိုက် တိုက်ပွဲပြင်းထန်တာပေါ့။ အကြမ်းဖက် စစ်တပ်က ဖားကန့်တပ်မကုန်း၊ ဖားကန့်အေးမြစာယာက လက်မကုန်း အဲဒီဘက်ကနေ ညောင်ပင်ကုန်းအရှေ့ဘက်ကို လက်နက်ကြီး တောက်လျှောက်ပစ်တော့ လက်နက်ကြီး အချက် ၇၀ နီးပါးရှိမယ်ထင်တယ် ပစ်တာ တိုက်ပွဲတောက်လျှောက်ဖြစ်တယ်။ တိုက်ပွဲဖြစ်တော့ ပြည်သူတွေ နေတဲ့ နေရာတွေကို လက်နက်ကြီးကျတာရှိတယ်။ ဒီရက်ပိုင်း ဖားကန့်မှာ တိုက်ပွဲတွေ တောက်လျှောက် ဖြစ်နေတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက် စစ်တပ်သည် ဖားကန့်ဒေသတွင် ပြည်သူ‌‌များ နေထိုင်သည့် နေရာများ၊ တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် နေရာများကို ရည်ရွယ်ချက်ရှိရှိ ဒရုန်းနှင့် ပစ်ခတ်ခြင်း၊ လက်နက်ကြီးနှင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်သည့်အတွက် ပြည်သူ ၂၄၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပြည်သူ ၆၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“ဖားကန့်လမ်းပိုင်း အင်းတော်ကြီး ဒေသဘက်မှာ ဖားကန့်မြို့အနီးဝန်းကျင်မှာ တိုက်ပွဲတွေ နေ့တိုင်းနီးပါးဖြစ်တယ်။ ဖားကန့်တိုက်ပွဲ ၂ လကျော်အတွင်းမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှု အတော်များတယ်။ အဲဒီတော့ စသ်ကူထပ်ခေါ်ထားတော့ အင်အား ၅၀၀ ပါ စစ်ကြောင်း ထပ်တက်လာတာ ရှိတယ်”ဟု ဒေသတွင်း သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article