27 C
Yangon

မရမ်းကုန်း အမှတ် ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူး စိန်ဝင်းမြင့် စစ်မှုထမ်းကြေးအမည်ခံကာ ငွေကြေးများ မတရားကောက်ခံ ကျပ်သိန်းထောင်ချီတန် အိမ်နှင့်မြေကွက်များ ဝယ်ယူ ချမ်းသာကြွယ်ဝလာ၊ ပြည်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးများက စစ်ဘေးရှောင်ထောက်ပံ့ကြေးများ အလွဲသုံးစားလုပ်

Must read

ရန်ကုန်၊ ဇွန် ၁

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ စိန်ဝင်းမြင့်သည် ရပ်ကွက်အတွင်းရှိ ပြည်သူများထံမှ စစ်မှုထမ်းကြေးအမည်ခံကာ တစ်အိမ်ထောင်လျှင် ငွေကျပ် ၁ သိန်းစီ မတရားကောက်ခံခြင်းနှင့် လူငယ်များကို ကိုယ်တိုင် ပေါ်တာဆွဲ ဖမ်းဆီး ကိုယ်ကျိုးရှာကာ ကျပ်သိန်းသောင်းချီ ချမ်းသာကြွယ်ဝလာနေကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူး စိန်ဝင်းမြင့်သည် လူမိုက်များနှင့်အတူ ကားဖြင့် နေ့ည မရွေး လူငယ်များကို လိုက်လံ ပေါ်တာဆွဲ ဖမ်းဆီးကြောင်း၊ ယင်းနောက် ဖမ်းဆီးရရှိသော လူငယ်များကို စစ်မှုထမ်းအဖြစ် ပြန်လည် ရောင်းစားခြင်း၊ ချုပ်နှောင်ထားခြင်းများ လုပ်ဆောင်ကြောင်း၊ အခြား တစ်ဖက်တွင်လည်း ရပ်ကွက်ရှိ နေအိမ်များထံမှ စစ်မှုထမ်းကြေးအဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ် ၁ သိန်းစီ လိုက်လံကောက်ခံနေကြောင်း သိရှိရသည်။

အုပ်ချုပ်ရေးမှူး မဖြစ်ခင် ယခင်က အိမ်ခြေရာခြေမရှိဘဲ အိမ်ငှားဘဝဖြင့် နေထိုင်ခဲ့ရသူ စိန်ဝင်းမြင့်သည် အုပ်ချုပ်ရေးမှူးရာထူး ရယူပြီးနောက် ၃ နှစ်ကျော်ကာလအတွင်း ကျပ်သိန်း ၂ သောင်းခန့်အထိ မတရားချမ်းသာလာခဲ့ပြီး လက်ရှိတွင် ကား ၂ စီး၊ တိုက်တစ်လုံးအပြင် လက်ဝယ်တွင်လည်း ငွေကျပ်သိန်ေထောင်ချီ ပိုင်ဆိုင်ထားကြောင်း သိရှိရသည်။

“သူက အရင်က အိမ်ခြေရာခြေမဲ့ အိမ်ငှားဘဝကနေ အခုဆိုရင် မရမ်းကုန်း ၃ ရပ်ကွက်မှာ မြေကွက်ဝယ်ကာ သိန်းသုံးထောင်ကျော်တန် နှစ်ထပ်အိမ်တစ်လုံး ဆောက်ပြီးပါပြီ။ အောက်ထပ်မှာ Mobile Handset အရောင်းဆိုင် နဲ့ ဆက်စပ်ပစ္စည်းအရောင်းဆိုင်ဖွင့်ဖို့ လုပ်နေတယ်။ အုပ်ကြီးရာထူးယူကာ အိမ်ခြေရာခြေမဲ့ဘဝမှ ၃ နှစ်ကျော်အတွင်း သိန်း ၂သောင်းလောက် ချမ်းသာလာတာပါ။ အခုဆို ကား၂စီး တိုက်တစ်လုံး အပြင် သိန်းသောင်းကျော် လက်ဝယ်ရှိနေပါပြီ။”ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

မရမ်းကုန်း အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး စိန်ဝင်းမြင့်သည် မွန်ပြည်နယ်၊ သထုံမြို့နယ်မှ ရန်ကုန် တက်လာသော အခြေမဲ့ အနေမဲ့ဖြစ်သော်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြစ်လာပြီးနောက် ယခုအခါတွင်မူ စစ်တပ်မှ အရာရှိတချို့နှင့်အတူ ရန်ကုန်မြို့တော်ဂေါက်ကွင်း၌ ဂေါက်သီးရိုက်နိုင်သည်အထိ အာဏာနှင့် ငွေကြေး အလွဲသုံးစားလုပ်ကာ ဘဝပြောင်းလဲသွားလာကြောင်း ဒေသသတင်းရင်းမြစ်များက ပြောဆိုသည်။

“သူအဓိက ငွေရတာက ဘုရင့်နောင် ဖာခန်းတွေ၊ အနှိပ်ခန်း၊ KTV ချဲထီ၊ ဘောလုံးဒိုင်တွေ အဲဒါတွုဆီက ဆက်ကြေးကောက်တယ်။ နောက်ပြီး သူကိုယ်တိုင် သူ့တပည့်တွေနဲ့ သမိုင်းလမ်းဆုံ၊ ရှစ်မိုင်၊ ကျိုက်၀ိုင်း၊ ဘုရင့်နောင်လမ်းဆုံမှာ နေ့၊ ည ပေါ်တာဆွဲ လူငယ်တွေကို ဖမ်းတယ်။ ပြီးရင် စစ်မှုထမ်းလူစားထိုး လိုက်ရောင်းတယ်။ နောက်ပြီး ရပ်ကွက်ထဲမှာ စစ်မှုထမ်းကြေးကောက်တယ်။ အဲဒါကလည်း အမှတ် ၁ ရပ်ကွက်အနေနဲ့ဆိုရင် နည်းတဲ့ ငွေကြေးမဟုတ်ဘူး။ ၁ လကို သိန်းကို ထောင်ချီရတာ။ တစ်အိမ် ၁ သိန်းတောင်းနေတာ” ဟု မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက်မှ သတင်းရင်းမြစ်က ရှင်းပြသည်။

အလားတူ ပဲခူးတိုင်း၊ ပြည်မြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှာလည်း စစ်ဘေးရှောင်များအတွက် ထောက်ပံ့ကြေးများကို အလွဲသုံးစားလုပ်နေကြကြောင်းပြည်မြို့နယ် ထွေ/အုပ်ရုံး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၉ ရက်နေ့ နံနက် မွန်းလွဲ ၁၂ နာရီခန့်တွင် ပြည်မြို့နယ် ထွေ/အုပ်ရုံးရှိ ပုလဲသီတာခန်းမတွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လစဥ် လစာထုတ် ပုံမှန်အစည်းအဝေးပြုလုပ်ခဲ့ကြောင်း၊ ယင်းအစည်းအဝေးတွင် ပြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ကျော်ဇင်ဦးက ပြည်မြို့နယ်မှ အုပ်ချုပ်ရေးမှူးများကို အလှည့်ကျခေါ်ယူကာ အုပ်ချုပ်ရေးအဖွဲ့မှ နှုတ်ထွက်လိုခြင်း ရှိ၊မရှိကို ခေါ်ယူမေးမြန်းခဲ့ကြောင်း သိရှိရသည်။

ထိုအစည်းအဝေးပွဲ တက်ရောက်လာသော အုပ်ချုပ်ရေးမှူးများက နှုတ်ထွက်လိုခြင်းမရှိကြောင်း တညီ တညွတ်တည်း ပြောဆိုခဲ့၍ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲပြုလုပ်မည် မဟုတ်ဘဲ အုပ်ချုပ်ရေးမှူး အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ရန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ကျော်ဇင်ဦးက ပြောဆိုခဲ့ကြောင်း၊ ယင်းအပြင် စစ်ဘေးရှောင်ပြည်သူများအတွက် ထောက်ပံ့ငွေကြေးများကိုလည်း အဆင့်ဆင့်ဖြတ်ယူကာ သိန်းထောင်ချီ အလွဲသုံးစားမှုများကိုလည်း တိုင်ကြားမှုများရှိသော်လည်း လျစ်လျူရှုထားကြောင်း သိရှိရသည်။

ပြည်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူ ၁ ဦးလျှင် ငွေကျပ် ၂ သောင်းနှုန်းဖြင့် စစ်တပ်က ထောက်ပံ့ငွေများ ပေးအပ်ထားသော်လည်း မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က အဆင့်ဆင့် ဖြတ်ယူကာ ငွေကျပ်သိန်းထောင်ချီကိုလည်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ကျော်ဇင်ဦး ဦးဆောင်သော အုပ်ချုပ်ရေးမှူးအဖွဲ့က လစဉ် အလွဲသုံးစားပြုလုပ်နေကြောင်း သိရသည်။

ပြည်မြို့နယ်တွင် ရခိုင်ပြည်နယ်ဘက်မှ စစ်ဘေးရှောင်ပြည်သူ အများစုရောက်ရှိနေပြီး အခြားဒေသမှလည်း စစ်ရှောင်ပြည်သူ ထောင်နှင့်ချီရှိနေကြောင်း၊ ထို စစ်ဘေးရှောင် ထောက်ပံ့ငွေများကို ၂၀၂၅ ခုနှစ်အတွင်း ၅ လခန့်သာထုတ်ပေးခဲ့ပြီး လက်ရှိချိန်ထိ လုံးဝ ထောက်ပံ့ပေးခြင်းမရှိတော့ကြောင်း သိရှိရသည်။

“ကျော်ဇင်ဦး ဦးဆောင်တဲ့ အုပ်ချုပ်ရေးအဖွဲ့က ကောင်တွေက ပေါင်းစားမျှစားတွေ အခုက စစ်ဘေးရှောင်ထောက် ပံ့ငွေ ငွေကျပ်သိန်းထောင်ချီကိုလည်း အလွဲသုံးစားလုပ်ထားတဲ့ တခြားစစ်မှုထမ်းကြေး ကောက်တာတွေလည်း အများကြီးပဲ အဲ့ကောင်က သူနဲ့ ပေါင်းစားနေတဲ့ အုပ်ချုပ်ရေးမှူးတွေ မထွက်အောင် စည်းရုံးပြီး ရွေးချယ်ပွဲတောင်မလုပ်တော့ဘူး” ဟု ပြည်မြို့နယ် ထွေ/အုပ်ရုံး သတင်းရင်းမြစ်က ဆက်လက် ပြောဆိုသည်။

ဓာတ်ပုံ- မရမ်းကုန်းမြို့နယ်မှ အမှတ် ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူး စိန်ဝင်းမြင့်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article