ရန်ကုန်၊ ဇွန် ၁
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လက်ယက်မရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အသေခံဒရုန်း ၂ စီးဖြင့် ဖောက်ခွဲ တိုက်ခိုက်ရာ ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြိုင်မြို့နယ် ပကဖ မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇွန် ၁ ရက်နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်ကျော်ခန့်တွင် မြိုင်မြို့နယ်၊ လက်ယက်မရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မုံရွာမြို့ နမခမှ တက်လာသည့် အသေခံဒရုန်း ၂ စီးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှု အတွင်း ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဒရုန်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူများသည် ဒဏ်ရာအခြေအနေ မစိုးရိမ်ရဘဲ မြိုင် ပကဖ ဆေးတပ်ဖွဲ့က ကုသမှုပေးနေကြောင်း၊ ဒရုန်းတိုက်ခိုက်မှုများ ထပ်မံပြုလုပ်လာမည်ကို စိုးရိမ်၍ ပြည်သူများ တိမ်းရှောင်နေရကြောင်းသိရှိရသည်။
“ဒီနေ့ နံနက်ပိုင်းမှာ စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားတာ မရှိဘဲနဲ့ လက်ယက်မရွာထဲကို အသေခံဒရုန်း ၂ စီးနဲ့ တိုက်ခိုက်သွားတာ ပြည်သူထိတာ ကလေးငယ် ၂ ဦးအပါအဝင် ၆ ဦးထိတယ်။ ဒဏ်ရာအခြေအနေကတော့ မစိုးရိမ်ရဘူး။ နေအိမ်တွေလည်း ဗုံးစထိမှန်ပြီး ပျက်စီးသွားတယ်” ဟု မြိုင်မြို့နယ် ပကဖ မှ တာဝန်ရှိသူက ပြောဆိုသည်။
မြိုင်မြို့နယ် အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ အထိုင်ရဲစခန်း၊ ပျူစောထီးရွာများနှင့် လုံခြုံရေးဂိတ်များတွင် ရိက္ခာနှင့် ခဲယမ်းများလျော့နည်းပြတ်လတ်နေ၍ စစ်တပ်က ရိက္ခာ၊ ခဲယမ်းများ ပို့ဆောင်နိုင်ရန် စစ်ကြောင်းထိုးနေသော်လည်း မြိုင်မြို့နယ် ပကဖ က လိုက်လံ ပိတ်ဆို့ တိုက်ခိုက်နေ၍ စစ်တပ် ဘက်မှ ထိခိုက်သေဆုံးမှု များပြားနေကြောင့် အရပ်သား ပြည်သူများက စစ်တပ်က ပစ်မှတ်ထား တိုက်ခိုက်လာခြင်းဖြစ်ကြောင်း သိရသည်။






