အကြမ်းဖက် စစ်တပ်က မတရားဖမ်းဆီး ထားသော အလုပ်သမားရေး ဆောင်ရွက်သူ ဒေါ်မျိုးမျိုးအေး အပါအဝင် အဖွဲ့ဝင် ၈ ဦးကို ပုဒ်မ ၅ (၁) (စ) (ဆ) ဖြင့် အမှုစွဲတင်ပြီး အင်းစိန်ထောင် ပို့ဆောင်လိုက်ကြောင်း Solidarity of Trade Union Myanmar မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်းတွင် သွေးစည်းညီညွတ်သော သမဂ္ဂများ အဖွဲ့ချုပ်မြန်မာ (STUM) ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး အပါအဝင် အဖွဲ့ဝင် ၈ ဦးကို ရွှေပြည်သာမြို့နယ် တရားရုံးတွင် ရုံးထုတ်ပြီး ၁၉၆၁၊ ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့် ခံဝန် အက်ဥပဒေ ပုဒ်မ ၅(၁)(စ)(ဆ) ဖြင့် သီးခြားစီ အမှုစွဲတင်ကာ အင်းစိန်ထောင်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
“ဒီနေ့ မွန်းလွဲပိုင်းမှာ ရွှေပြည်သာမြို့မ ရဲစခန်းက ဒေါ်မျိုးမျိုးအေး အပါအဝင် အဖွဲ့ဝင် ၈ ဦးကို ရွှေပြည်သာမြို့နယ် တရားရုံးသို့ ရုံးထုတ်ပြီး ပုဒ်မ ၅(၁)(စ)(ဆ) နဲ့ သီးခြားစီ အမှုစွဲတင်ပြီး အင်းစိန်အကျဉ်းထောင် အချုပ်ကို လွှဲပြောင်းပို့ဆောင်လိုက်တယ်လို့ သိရပါတယ်” ဟု Solidarity of Trade Union Myanmar မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ယင်း အမှုကိစ္စနဲ့ ပတ်သက်ပြီး ဩဂုတ်လ ၂၅ ရက်နေ့တွင် ရွှေပြည်သာမြို့နယ် တရားရုံး၌ ထပ်မံ ရုံးထုတ် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အလားတူ ဩဂုတ်လ ၁၄ ရက်နေ့ကလည်း အင်းစိန်နှင့် မြောက်ဥက္ကလာ မြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့သော STUM အဖွဲ့ဝင် ဂျွန်တူးမောင် နှင့် ဟေမာန်ဦးတို့ကိုလည်း ပုဒ်မ ၅(၁)(စ)(ဆ) ဖြင့် တရားစွဲဆိုပြီး အင်းစိန်ထောင် အချုပ်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
