26.9 C
Yangon

မော်ချီးဒေသသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသူ ပြည်သူ ၃၂ ဦးအထိရှိလာပြီး ကုလသမဂ္ဂနှင့်အာဆီယံ အပါအဝင် နိုင်ငံတကာအစိုးရများက အကြမ်းဖက်စစ်တပ်ကို ထိရောက်စွာအရေးယူရေး ကရင်နီပြည်-IEC တောင်းဆို

Must read

ရန်ကုန်၊ ဩဂုတ် ၁၉

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသူ ပြည်သူ ၃၂ ဦးအထိရှိလာပြီး ကုလသမဂ္ဂနှင့်အာဆီယံ အပါအဝင် နိုင်ငံတကာအစိုးရများက စစ်တပ်ကို ထိရောက်စွာအရေးယူရေး ကရင်နီပြည် ကြား ကာလအုပ်ချုပ်ရေးကောင်စီ(Interim Executive Council of Karenni State-IEC) က တောင်းဆိုသည်။

ဩဂုတ်လ ၁၇ ရက်နေ့ ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ အရပ်သားပြည်သူများနေထိုင်ရာ နေရာများကို စစ်လေယာဥ်များဖြင့် လေ‌ကြောင်း တိုက်ခိုက်မှုနှင့် မဆင်မခြင်ပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူ ၃၂ ဦး သေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်ခံခဲ့ရသော နေရာများမှပြည်သူတချို့ ပျောက်ဆုံးလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်တပ်အနေဖြင့် မော်ချီးဒေသတစ်ခုတည်းတွင် စစ်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက် မှု ၁၁ ကြိမ်ခန့်ရှိနေပြီဖြစ် ကြောင်း ကရင်နီပြည်-IEC က ပြောဆိုသည်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီမှ အသက်ဆုံးရှုံးခဲ့ရသော အရပ်သားပြည်သူများ၏ ကျန်ရစ်သူ မိသားစုဝင်များနှင့်ထပ်တူ ဝမ်းနည်းကြေကွဲ ရကြောင်း၊ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက တရားမဝင်အာဏာသိမ်း စစ်တပ်၏ အပြစ်မဲ့ပြည်သူများအပေါ် ညှာတာမှုကင်းမဲ့စွာ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို တုံ့ပြန်နိုင်ရေးအတွက် ပြည်သူများ၊ တော်လှန်ရေးအင်အားစုများနှင့်အတူ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကုလသမဂ္ဂနှင့် အာဆီယံအပါအဝင် နိုင်ငံတကာအစိုးရများအနေဖြင့်လည်း တရားမဝင် အာဏာသိမ်းစစ်တပ်၏ ကြီးလေးသည့် စစ်ရာဇဝတ်မှု ကျူးလွန်နေမှုများ အပေါ်ထိရောက်စွာ အရေးယူနိုင်ရန် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက အလေးအနက် တောင်းဆိုသည်။

မော်ချီးဒေသကို စစ်တပ်က တောက်လျှောက် ဗုံးကျဲနေသဖြင့် မော်ချီးရှိ သတ္တုတူးဖော်ရေးလုပ်ငန်းများအားလုံး ရပ်ဆိုင်းနေပြီး ရွှေ့ပြောင်းအလုပ်သမားအများစုမှာလည်း ပြန်လည် ထွက်ခွာသွားကြကြောင်း၊ ဒေသခံ ပြည်သူများမှ လွဲ၍ တစ်နယ်တစ်ကျေးမှ လာရောက်သော ရွှေ့ပြောင်းအလုပ်သမားများအားလုံး နေရပ်ပြန်သွားကြပြီဖြစ်ကြောင်း မော်ချီးဒေသမှ သတ္တတူးဖော်ရေးလုပ်ကိုင်သူများက ပြောဆိုသည်။

“မော်ချီးက တောက်လျှောက် လေယာဉ်နဲ့ ဗုံးကျဲနေလို့ ရွှေ့ပြောင်း လာအလုပ်လုပ်တဲ့သူတွေ အကုန်နီးပါး ပြန်ကုန်ပြီ။ ကားကြီးကားငယ်နဲ့ကိုပြန်ကုန်တာ။ တချို့က ထိုင်းဘက်ကူးကြတယ်။ ကျောက်ပန်တောင်း၊ပဲခူး၊ တောင်ငူနဲ့ အညာကလူတွေ လာအလုပ်လုပ်နေကြတာ” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို မကြာခဏဆိုသလို လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်နေရာ ပြည်သူများ မကြာခဏ သေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိသည်။

ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် မော်ချီးမြို့၊ စက်စရာရပ်ကွက်ရှိ Wifi သုံးနေသော လူအုပ်စုထဲကို အကြမ်းဖက် စစ်တပ်က လေယဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ဆိုင်ပိုင်ရှင်နှင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၇ ဦး သေဆုံးခဲ့ပြီး ပြည်သူ ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အလားတူ ဇူလိုင် ၉ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ခန့်ကလည်း မော်ချီးမြို့ လိုလော်ထီးရွာကို အကြမ်းဖက် စစ်တပ်က ပေါင် ၂၀၀ ဗုံး ၂ လုံးနဲ့ ကျဲချ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၆ ဦး သေဆုံးခဲ့ပြီး နေအိမ်များလည်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

ယင်းအပြင် ဇွန်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသ၊ တောင်ပေါ်ရွာတွင် တိုက်ပွဲ ဖြစ်ပွာခြင်း မရှိဘဲ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ခဲသတ္တုတူးဖော်ရေးလုပ်ငန်းခွင်နှင့် ကုန်စုံဆိုင်တစ်ဆိုင် ပေါ်သို့ ဗုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၇ ဦးသေဆုံးကာ အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article