“၀” ပြည်နယ်၏ လူပုဂ္ဂိုလ်များကို တရုတ်က ဖမ်းဆီးသည့်အပြင် ပိုင်ဆိုင်မှုများ ချိတ်ပိတ်ပြီး နှစ် ၄၀ အတွင်း သေရေးရှင်ရေး ဖိအား UWSA ရင်ဆိုင်နေရ
ရန်ကုန်၊ ဩဂုတ် ၂၂
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ၁၀၂၇ စစ်ဆင်ရေးအတွင်း မဟာမိတ်အဖွဲ့အစည်းများထံသို့ လက်နက်နှင့်ငွေကြေးများ ထောက်ပံ့မှုအတွက် UWSA ကို တရုတ်က ပိတ်ဆို့အရေးယူသဖြင့် တရုတ်ငွေယွမ်ဘီလီယံပေါင်းများစွာ ဆုံးရှုံးပြီး နှစ်ပေါင်း ၄၀ အတွင်း အပြင်းထန်ဆုံး ဖိအားပေးခံနေရကြောင်း UWSA “ဝ” တပ်ဖွဲ့ ဒုဥက္ကဌ ဦးကျောက်ကော်အမ်းက ပြောဆိုသည်။
ဩဂုတ်လ ၂၀ ရက်နေ့ TNLA ၊ MNDAA ၊ SSPP တိုင်းရင်းသားလက်နက်ကိုင်များနှင့်တွေ့ဆုံစဉ် ၎င်းက ထိုသို့ပြောဆိုခြင်းဖြစ်ပြီး ၎င်း၏ ပြောဆိုချက်အပြည့် အစုံကိုလည်း ယနေ့တွင် Wa Channel က အပြည့်အစုံ ဗီဒီယိုနှင့်တကွ ထုတ်ပြန်လာသည။
“မိမိတို့ အားလုံးသည် တိုင်းရင်းသားဖြစ်သည့် အကြောင်းများကြောင့် စာနာနားလည်မှုစိတ်ဖြင့် အဖွဲ့အစည်း အသီးသီးကို ကာလအသီးသီးတွင် တတ်စွမ်းသရွေ့ ကူညီထောက်ပံ့မှုများ ပေးခဲ့ပြီး အဖွဲ့အစည်းများ၏ တောင်းဆိုမှုများကို တတ်နိုင်သလောက် ဖြည့်ဆည်းဆောင်ရွက်ခဲ့ကြောင်း၊ သို့သော် ၁၀၂၇ စစ်ဆင်ရေးလှုပ်ရှားမှုသည် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံ မြောက်ပိုင်း စစ်ရေးပဋိပက္ခမဖြစ်ပွားစေရေး ၊ အဖွဲ့အစည်းများအနေဖြင့် NUG နှင့် ထိတွေ့ဆက်ဆံမှု မပြုရေး၊ ပြင်ပအင်အားစုကို မြန်မာနိုင်ငံမြောက်ပိုင်းသို့ မဆွဲခေါ်လာရေး စသည့် မူဝါဒကို ဖျောက်ဖျက်ခဲ့ကြောင်း” ၎င်းက ဆိုသည်။
ယခုတွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံမြောက်ပိုင်း အထူးသဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မည်သည့် စစ်ရေးပဋိပက္ခဖြစ်ပွားခြင်းကို လုံးဝသည်းမခံကြောင်း၊ ဤပြဿနာများသည် “ဝ” ပြည်နယ်က အဖွဲ့အစည်းအသီးသီးသို့ လက် နက်ပစ္စည်းများ၊ ငွေ ကြေးများနှင့် သွားလာမှု လမ်းကြောင်း အဆင်ပြေစေရေး စသည့် ထောက်ပံ့မှုများကြောင့် ဖြစ်ပွားခဲ့ပြီး “ဝ” ပြည်နယ်က တာဝန်အားလုံးကို ယူသွားရန် တရုတ်ဘက်ပြောဆိုခဲ့လာကြောင်း ၎င်းက ရှင်းပြသည်။
တရုတ်က “ဝ” ပြည်နယ်ကို အရေးယူဆောင်ရွက်မှုကို တိုးမြှင့်ပါက ရလဒ်ကို စဉ်းစားရန် မခက်ခဲကြောင်း၊ “၀” ပြည်နယ်က အဖွဲ့အစည်းအသီးသီးအတွက် တရုတ်ဘက်၏ ကြီးလေးသည့် ဖိအားကို တောက်လျှောက်ခံနေရပါကြောင်း၊ ယခင် တရုတ်၏ “ဝ” ပြည်နယ်အပေါ် ဖျောင်းဖျပြောဆိုခြင်းနှင့် ဖိအားပေးခြင်းကို အဖွဲ့အစည်းများထံသို့ မပြောပြဘဲ မိမိတို့ တိတ်ဆိတ်စွာ ခံစားခဲ့ကြောင်း၊ သို့သော် လက်ရှိမျက်မှောက်တွင် တရုတ်ဘက်မှ “ဝ” ပြည်နယ်ကို သတိပေးသည့် အတိုင်းအတာကို နှုတ်ဖြင့် သတိပေးခြင်းသာမက လက်တွေ့ ဆောင်ရွက်မှုကိုပါ တိုးမြှင့်ဆောင်ရွက်နေပြီး ပိုမိုများပြားသည့် နောက်ဆက်တွဲ ဆောင်ရွက်မှုများလည်း ရှိနေကြောင်း၊ တရုတ်သည် ပြောသည့်အတိုင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မိမိတို့အနေဖြင့် နားလည်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
အဆိုပါ အကြောင်းပြချက်ဖြင့် ဝပြည်နယ်၏ လူပုဂ္ဂိုလ်များကို ဖမ်းဆီးခြင်း၊ ပိုင်ဆိုင်မှုများကို ချိတ်ပိတ်ခြင်းနှင့် နယ်စပ်ဂိတ်ပေါက်များကို ပိတ်ဆို့ခြင်းနှင့် ယခင်မကြုံဖူးခဲ့သော အမျိုးမျိုးအရေးယူမှုများကို ပြုလုပ်ခဲ့ကြောင်း၊ အကယ် ၍ မိမိတို့ ဝပြည်နယ်မှ စစ်ရေးပဋိပက္ခ ဖြစ်ပွားသည့် အဖွဲ့အစည်း အသီးသီးတို့ကို လက်နက်ပစ္စည်းထောက်ပံ့မှု မရပ်တန့်ပါက တရုတ်က “ဝ” ပြည်နယ်အပေါ် အရေးယူမှုကို ယခုထက်ပိုမို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်လက်ရှိဆောင်ရွက်နေသော အရေးယူမှုသည် “ဝ” ပြည်နယ်အနေနှင့် မခံနိုင်သော ဖိအားဖြစ်ပြီး နှစ် ၄၀ ကျော် ဖြတ်သန်းလာရသည့် အကြီးမားဆုံး သေရေး ရှင်ရေး ကိစ္စဖြစ်ကြောင်း၊ အကယ်၍ တရုတ်သည် ဝ ပြည်နယ်ကို အရေး ယူဆောင်ရွက်မှုကို တိုးမြှင့်ပါက ရလဒ်ကို စဉ်းစားရန် မခက်ခဲကြောင်း ၎င်းက ဆက်ပြောသည်။
တရုတ်က လက်ရှိတွင် “ဝ” ပြည်နယ်က စစ်ရေးပဋိပက္ခဖြစ်ပွားခြင်းကို ထောက်ပံ့သည်ဆိုသည့် အကြောင်းပြချက်ဖြင့် “ဝ” ပြည်နယ် အစိုးရအဖွဲ့အစည်း ၊ ကုမ္ပဏီ တစ်ဦးတစ်ယောက်နှင့် သာမန်အရပ်သားများ အပါအဝင် တရုတ်နိုင်ငံတွင် ရှိသော ပိုင်ဆိုင်မှုများကို ခြွင်းချက်မရှိ ပိတ်ဆို့အရေးယူခံရကြောင်း၊ လက်ရှိတွင် တရုတ် ယွမ်ငွေဘီလီယံပေါင်းများစွာ ကြီးလေးသည့် ဆုံးရှုံးမှု ဖြစ်ခဲ့ကြောင်း၊ ပေါက်ကျွင်းဖုန်း စသည့် လူပုဂ္ဂိုလ်တို့၏ ပြဿနာသည် ယခုအချိန်အထိ မဖြေရှင်းနိုင်သည့် အဓိက အကြောင်းအရင်းဖြစ်ကြောင်း၊ ၎င်းသည် ဝ ပြည်နယ်၏ သေရေးရှင်ရေး ကိစ္စနှင့် ပတ်သက်နေကြောင်း၊ ထို့ကြောင့် ဤ တစ်ကြိမ် ဝ ပြည်နယ် ကြုံတွေ့နေရသည့် ပြင်းထန်သော အခြေအနေကို အဖွဲ့အစည်းများထံသို့ ရင်ဖွင့်ပြောပြခြင်း ဖြစ်ကြောင်း သူက ဆိုသည်။
ထို့ကြောင့် လက်နက်ပစ္စည်းများနှင့် ငွေကြေးထောက်ပံ့မှုကိစ္စရပ်တွင် “ဝ” ပြည်နယ်အား ထပ်မံတောင်းဆိုခြင်းမပြုရန် မေတ္တာ ရပ်ခံကြောင်း UWSA “ဝ” တပ်ဖွဲ့ ဒုဥက္ကဌ ဦးကျောက်ကော်အမ်းက ထုတ်ဖော်ပြောဆိုခဲ့သည်။
