စစ်ကော်မရှင် ဟု အမည်ပြောင်းထားသည့် စစ်အုပ်စုကို ကနေဒါ၊ အီးယူ၊ ယူကေနှင့် အမေရိကန်ပြည်ထောင်စု တို့က ဆက်လက်ဒဏ်ခတ်ပိတ်ဆို့အရေးယူပေးရန် Justice For Myanmar (JFM) က ထုတ်ပြန်တောင်းဆိုလိုက်သည်။
တရားမဝင် မြန်မာစစ်အုပ်စုက ၎င်း၏အုပ်ချုပ်ရေးအဖွဲ့ဖြစ်သော “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက)” ကို “နိုင်ငံတော်လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကော်မရှင် (နလငက)” အဖြစ် အမည်ပြောင်းလဲလိုက်ခြင်းသည် စစ်အုပ်စုအတွက် နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုများအား ကျော်လွှားနိုင်မည့် ကယ်ပေါက်တစ်ခုကို ဖန်တီးခဲ့ခြင်းဖြစ်သည့်အတွက် အဆိုပါအမည်ပြောင်း စစ်ကော်မရှင်ကို ဆက်လက်ဒဏ်ခတ်ပိတ်ဆို့ အရေးယူပေးရန် တောင်းဆိုခြင်းဖြစ်ကြောင်း JFM ကထုတ်ပြန်ထားသည်။
လက်ရှိအမည်ပြောင်း စစ်ကော်မရှင်၏ ဥက္ကဌ၊ ဒုဥက္ကဌများသည် ကနေဒါ၊ အီးယူ၊ ယူကေ၊ အမေရိကန်ပြည်ထောင်စုနှင့် သြစတြေးလျ နိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့ထားသော ယခင် စစ်ကောင်စီ၏ ခေါင်းဆောင်များဖြစ်သည့် မင်းအောင်လှိုင်နဲ့ စိုးဝင်း တို့ပင်ဖြစ်ကြောင်း JFM ကဆိုသည်။
စစ်ကော်မရှင်အဖွဲ့ဝင် ၁၀ဦးစလုံးသည် အနည်းဆုံး တရားစီရင်ပိုင်ခွင့် (နိုင်ငံ) တစ်ခုခုတွင် ပိတ်ဆို့အရေးယူခံထားရပြီး ၎င်းတို့အားလုံးသည် ဇူလိုင် ၃၁ ရက်မတိုင်မီအထိ အကြမ်းဖက်စစ်အုပ်စု၏ အကြီးတန်းအဖွဲ့ဝင်များဖြစ်သည်ဟုလည်း JFMက ဆိုသည်။
“နစက ကနေ နလငက လို့ ခေါင်းစီးပြောင်းပြီး နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုတွေကို မလှိမ့်တပတ်လုပ်နေတဲ့ တရားမဝင်မြန်မာစစ်အုပ်စုကို ခွင့်ပြုမပေးဖို့ လိုပါတယ်၊ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ကမ္ဘာတဝန်းက လူ့အခွင့်အရေးချိုးဖောက်သူတွေ၊ နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်သူတွေ၊ အာဏာရှင်လောင်းလျာတွေကို ရင်ဆိုင်အံတုဖို့အတွက် အလွန်တရာအရေးပါပြီး၊ အစိုးရတွေအနေနဲ့ ကိုယ့်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ကျော်ခွရှောင်ရှားသွားတာတွေအပေါ် မရပ်တည်မိဖို့ လိုပါတယ်” ဟု Justice For Myanmar ၏ ပြောခွင့်ရသူ မရတနာမောင်က ပြောသည်။
စစ်ကော်မရှင် ဟုအမည်ပြောင်းပြီးနောက်ပိုင်း စစ်အုပ်စုသည် အရပ်သားများအပေါ် စစ်ရာဇဝတ်မှုနှင့် အကြမ်းဖက်မှုများ ပိုမိုကျူးလွန်လာသည်ဟု JFM ကဆိုသည်။ ပြီးခဲ့သည့် တနင်္ဂနွေတစ်ရက်တည်းတွင်ပင် မော်ချီးဒေသတွင် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး အရပ်သားပြည်သူ ၃၂ ဦး သေဆုံးခဲ့ရသည် ဟုလည်း ဆိုသည်။
နစက (စစ်ကောင်စီ)ကို ၂၀၂၁ ခုနှစ်၊ ၂၀၂၂ ခုနှစ်နဲ့၂၀၂၃ ခုနှစ် များတွင် အမေရိကန်ပြည်ထောင်စု၊ ယူကေ ၊ ဥရောပသမဂ္ဂ အီးယူ နှင့် ကနေဒါနိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည်။
သို့သော် ထိုသို့ စစ်ကော်မရှင် ဟုအမည်ပြောင်းလဲပြီးနောက်ပိုင်း (စကစ အား ဖျက်သိမ်းခြင်းမှ ဖန်တီးဖြစ်ပေါ်လာသည့် အဆိုပါကယ်ပေါက်ကြောင့်) စစ်အုပ်စုသည် အမေရိကန်အခြေစိုက် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းကုမ္ပဏီ DCI Group အား မကြာသေးမီက ငှားရမ်းနိုင်ခဲ့ကြောင်း၊ အမေရိကန်အစိုးရနှင့် ဆက်ဆံရေးပြန်လည်တည်ဆောက်ရေးအတွက် ၄င်းအဖွဲ့ကို အမေရိကန်ဒေါ်လာ ၃ သန်းတန်ကြေးရှိ တစ်နှစ်စာချုပ်ဖြင့် ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း JFM က ဆိုသည်။
၂၀၂၁ ခုနှစ်အတွင်းကလည်း စစ်အုပ်စုသည် အမေရိကန်အစိုးရအား စည်းရုံးနိုင်ရန် ကနေဒါပြည်သူ့ဆက်ဆံရေးလုပ်ငန်း ကုမ္ပဏီ Dickens & Madson မှ Ari Ben-Menashe ကို ငှားရမ်းခဲ့ကြောင်း၊ သို့ရာတွင် အမေရိကန်ပြည်ထောင်စုက နစက (စစ်ကောင်စီ) အား ဒဏ်ခတ်ပိတ်ဆို့ခဲ့ပြီးမကြာမီ ဇူလိုင်လတွင် အဆိုပါစာချုပ်အား ဖျက်သိမ်းခဲ့ရကြောင်း၊ အကြောင်းမှာ ဒဏ်ခတ်ပိတ်ဆို့မှုများက ငွေပေးချေမှုများအား တားမြစ်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခု စစ်ကော်မရှင်ကိုလည်း အဆိုပါဖြစ်စဥ်ကို နမူထား၍ အရေးယူဒဏ်ခတ် ပိတ်ဆို့ရန် အရေးကြီးကြောင်း JFM က ထောက်ပြတောင်းဆိုခဲ့သည်။
Photo- Alexei Danichev / Ria Novosti / NTB/ & Social Media

