ရန်ကုန်၊ ဩဂုတ် ၂၂
ကရင်ပြည်နယ်၊ မူတြော်ခရိုင်တွင် စစ်မှုထမ်း တပ်သားသစ် ၂ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း KNU မူတြော်ခရိုင် တပ်မဟာ ၅ က ထုတ်ပြန်ထားသည်။
သြဂုတ်လ ၄ ရက်နေ့တွင် KNU မူတြော်ခရိုင် KNLA အမှတ် ၅ တပ်မဟာ တပ်ရင်း ၁၀၂ ထိန်းချုပ်နယ်မြေတွင် စစ်မှုထမ်း တပ်သားသစ် ၂ ဦးသည် လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
အလင်းဝင်လာသော စစ်မှုထမ်း တပ်သားသစ် မောင်ဝင်ဖြိုးကျော် နှင့် မောင်စိုးအောင် တို့သည် MA-1 သေနတ် ၁ လက်၊ MA-3 သေနတ် ၁ လက် နှင့် ကျည် ၃၄၀ တောင့် ယူဆောင်လာပြီး အလင်းဝင်ခဲ့ကြောင်း၊ ထို အလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သားသစ် ၂ ဦးကို သြဂုတ်လ ၁၉ ရက်နေ့တွင် မူတြော်ခရိုင် နှင့် တပ်မဟာ ၅ မှ တာဝန်ရှိသူ ခေါင်းဆောင်များက ဂုဏ်ပြု ကြိုဆိုပွဲ အခမ်းအနားဖြင့် ငွေကျပ် ၁၀ သိန်းစီ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် အကြမ်းဖက် စစ်သားများ ဆုတ်ခွာထွက်ပြေးစဥ် ဝှက်ထားခဲ့သည့် လက်နက်ခဲယမ်းအချို့ကို ပြည်သူများက လာရောက် အပ်နှံခဲ့ကြောင်း Chin Defence Force – Mindat က သတင်းထုတ်ပြန်ထားသည်။
ယနေ့ ဩဂုတ်လ ၂၂ ရက်နေ့တွင် မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်သားများ ဆုတ်ခွာထွက်ပြေးစဥ် ဝှက်ထားခဲ့သော MA 15(စက်လတ်) ၁ လက် ၊ RPG 7 ၁ လက်၊ MA4 ၁ လက် ၊ MA 3 ၁ လက် နှင့် ဆက်စပ်ပစ္စည်းများကို အက်နှံခဲ့ခြင်းဖြစ်ပြီး ပြည်သူများက Chin Defence Force – Mindat စစ်ဦးစီးချုပ်ရုံးတွင် လာရောက်အပ်နှံခဲ့ပြီး ဆုကြေးငွေများ ချီးမြှင့်ခဲ့ကြောင်းသိရှိရသည်။


