27 C
Yangon

ချောက်မြို့တွင် စစ်တပ်လက်အောက်ခံ ပျူစောထီးများက ပဲနှမ်းပွဲရုံပိုင်ရှင်တစ်ဦး၏ သမီးဖြစ်သူကို ပြန်ပေးဆွဲပြီး သိန်း ၁၅၀၀ တောင်း၊ ညှိနှိုင်းပြီးနောက် သိန်း ၅၀၀ ဖြင့် စျေးတည့်ပြီး ပြန်လွှတ်ပေး

Must read

ရန်ကုန်၊ ဩဂုတ် ၂၃

မကွေးတိုင်း၊ ချောက်မြို့တွင် စစ်တပ်လက်အောက်ခံ ပျူစောထီးများက ပဲနှမ်းပွဲရုံပိုင်ရှင်(လုံခြုံရေးအရ ပွဲရုံ၏ အမည်ကို ဖော်ပြ၍ မရပါ) တစ်ဦး၏ သမီးဖြစ်သူကို ပြန်ပေးဆွဲပြီး ငွေကျပ်သိန်း ၁၅၀၀ တောင်းယူမှုဖြစ်ပွားခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယခုဩဂုတ်လအတွင်း ချောက်မြို့ပေါ်ရှိ ပဲနှမ်းအကြီးစားပွဲရုံပိုင်ရှင်တစ်ဦး၏ သမီးဖြစ်သူကို စစ်တပ်လက် အောက်ခံပျူစောထီးများက ပြန်ပေးဆွဲပြီး ငွေကျပ်သိန်း ၁၅၀၀ တောင်းယူကြောင်း၊ ညအချိန် ချောက်မြို့၊ ဆိပ်ဖြူနှင့် ပုဂံညောင်ဦးလမ်းများကို ပိတ်ဆို့၍ မြို့ကို စစ်တပ်က လုံခြုံရေး တင်းကျပ်ထားချိန်တွင် ပျူစောထီးများက အုပ်စုလိုက် ပွဲရုံပိုင်ရှင်၏ သမီးဖြစ်သူကို ပြန်ပေးဆွဲခဲ့ကြောင်း သိရှိရသည်။

မူလက ပြန်ပေးဆွဲသော ပျူစောထီးအဖွဲ့များက ငွေသိန်း ၁၅၀၀ တောင်းသော်လည်း နောက်ပိုင်းတွင် နှစ်ဖက်ညှိနှိုင်းပြီးနောက် သိန်း ၅၀၀ ဖြင့် ချောက်မြို့ ၊ ပွဲရုံပိုင်ရှင်၏ သမီးဖြစ်သူကို ပျူစောထီးများက ပြန်လည် လွှတ်ပေးလိုက်ကြောင်း သိရှိရသည်။

ချောက်မြို့ပေါ်တွင် ပျူစောထီးနှင့် ပြည်သူ့စစ်လုပ်ကိုင်ကြသူများပြားပြီး ယခုအခါ ပြန်ပေးဆွဲခြင်း၊ စစ်မှုထမ်း အဖြစ် လူငယ်များကို ဖမ်းဆီး၍ ရောင်းစားကြသည့်​ စျေးကွက်ဖြစ်ပေါ်နေခြင်း၊ စစ်ကြောင်းနှင့်အတူလိုက်၍ ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ပစ္စည်းများကို လုယက် ယူဆောင်ကြခြင်းများကို ပျူစောထီးများက လုပ်ဆောင်နေကြကြောင်း သိရှိရသည်။

“ချောက်မြို့ပေါ်က အရက်သမား၊ လူမိုက်တွေက ပျူစောထီးတွေ လုပ်ကြတယ်။ ပျူစောထီးလုပ်သူပေါများတယ်။ ချောက်မြို့၊ စလေထိန်ကန်ကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုးတော့ ပျူတွေက သူတို့ လိုချင်ရာ ခိုးဝှက်ယူကြတယ်။ ပြီးတော့ ရွာကို မီးရှီု့တယ်။ အဲဒီရွာက လုယက်လာတဲ့ ပစ္စည်းတွေကို အချင်းချင်းမြို့ပေါ်မှာ ပြန်ရောင်းကြတယ်။ နောက်တစ်ခါ ပျူစောထီးတွေက လူငယ်တွေကို စစ်မှုထမ်းအဖြစ် ဖမ်းဆီးပြီး ဘေးနားဝန်းကျင်မြို့တွေကို စစ်မှုထမ်း လူစားထိုးအဖြစ် လူငယ် ၁ ဦးကို သိန်း ၅၀ အနည်းဆုံးနဲ့ ပြန်ရောင်းစားတယ်” ဟု ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။

ချောက်မြို့ပေါ်တွင် ပျူစောထီးများက ယင်းကဲ့သို့ ပြန်ပေးဆွဲမှုများနှင့် လုယက်မှုများ၊ လူဖမ်းဆီးပြီး စစ်မှုထမ်းအဖြစ် ရောင်းစားမှုများကို ကျူးလွန်နေသော်လည်း ရဲများက အရေးယူနိုင်ခြင်းမရှိဘဲ စစ်တပ်က လျစ်လျူရှုထားကြောင်း ဒေသသတင်းရင်းမြစ်၏ အဆိုအရ သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်လက်အောက်ခံ ပျူစောထီး(ခေါ်) ပြည်သူ့စစ်အဖွဲ့များ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article