မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ စစ်တပ်၏ လက်နက်ထုတ်လုပ်ရေးစက်ရုံ- ကပစ ၂၂ သို့ သွယ်တန်းထားသော လျှပ်စစ် မီးတိုင်းများအား ဖောက်ခွဲ ရှင်းလင်းခဲ့ကြောင်း ဆိပ်ဖြူ ကျားဇိုးပြောက်ကျားမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၁၇ ရက်နေ့တွင် ဆိပ်ဖြူမြို့နယ် ကပစ ၂၂ ကို သွယ်တန်းထားသော မီးတိုင်များအား တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ မိုင်းဆွဲ တိုက်ခိုက်ခြင်းသည် ကပစ ၂၂ မှ လက်နက်ခဲယမ်းများ၊ ဗုံးများ ထုတ်လုပ်ပြီး အရပ်သားပြည်သူများကို ပစ်ခတ် ဗုံးကျဲ သတ်ဖြတ် နေခြင်းကြောင့် လက်နက်ခဲယမ်းများ ဆက်လက် မထုတ်လုပ်နိုင်ရန် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်က လက်ရှိအချိန်အထိ လျှပ်စစ် မီးတိုင်များကို လာရောက် ပြင်ဆင်ခြင်းမရှိသေးဘဲ စစ်ကြောင်း ထွက်လာပါက တိုက်ပွဲများ ဖြစ်ပွားလာနိုင်ကြောင်း သိရသည်။
“ကျနော်တို့ ဩဂုတ်လ ၁၇ ရက်နေ့ မိုးရွာတွေနေတဲ့ ကြားထဲက သွားရောက် မိုင်းဆွဲ ရှင်းလင်းခဲ့တာပေါ့။ စစ်ခွေးတွေကတော့ အခုထိ လာရောက် ပြင်ဆင်ခြင်းမရှိသေးဘူး။ စစ်ခွေး စစ်ကြောင်းတွေ လှုပ်ရှားနေတာတွေလည်းရှိတော့ ကျနော်တို့ ဒီမီးလိုင်းကို မရရအောင် ဖြတ်တောက်ရတာပေါ့။ ဒီ ကပစ ၂၂ က ထုတ်တဲ့ လက်နက်ခဲယမ်းတွေနဲ့ ပြည်သူတွေကို လေကြောင်းတိုက်ခိုက်တာ လက်နက်ကြီးတွေနဲ့ ပစ်တာတွေ မကြာခဏ လုပ်နေတဲ့ အတွက် ကျနော်တို့ မီးလိုင်းကို ဖြတ်တောက် တိုက်ခိုက်ခဲ့တာပါ” ဟု ဆိပ်ဖြူ ကျားဇိုးပြောက်ကျားမှ တာဝန်ရှိသူ က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ဆိပ်ဖြူ မြောက်ပိုင်း တပ်ဖွဲ့၊ ပေါက်မြို့နယ် ပကဖ နှင့် ဆိပ်ဖြူ ကျားဇိုးပြောက်ကျား တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- တော်လှန်ရေးတပ်တချို့က စစ်တပ်ထံသို့ သွယ်တန်းထားသည့် လျှပ်စစ်မီးတိုင်တချို့ကို ရှင်းလင်းခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
