25.4 C
Yangon

ချောက်မြို့ ၊ အနော်ရထာ တံတားဂိတ် တာဝန်ခံ ဗိုလ်မှူး ရဲသွေးထွန်းက တံတားပေါ် ဖြတ်သန်းသည့် ကားနှင့်ယာဉ်များကိုသာမက တံတားအောက်မှ ဖြတ်သန်းသည့် စက်လှေနှင့်သင်္ဘောများကိုပါ ငွေကျပ် သိန်းချီ ဆက်ကြေး အဆမတန်တောင်း

Must read

ရန်ကုန်၊ ဩဂုတ် ၂၄

မကွေးတိုင်း၊ ချောက်မြို့ ၊ အနော်ရထာ တံတားဂိတ် တာဝန်ခံ ဗိုလ်မှူး ရဲသွေးထွန်းက တံတားပေါ် ဖြတ်သန်းသည့် ကားနှင့်ယာဉ်များကိုသာမက တံတားအောက်မှ ဖြတ်သန်းသည့် စက်လှေနှင့်သင်္ဘောများကိုပါ ဆက်ကြေး အဆမ တန်တောင်းခံနေကြောင်း ဒေသသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ချောက်မြို့၊ အနော်ရထာတံတားဂိတ်တွင် လုံခြုံရေးအတွက် တာဝန်ယူထားသော ဗိုလ်မှူး ရဲသွေးထွန်းက အနော်ရထာတံတားပေါ် ဖြတ်သန်းသည့် ကုန်တင်ကားများနှင့် ဆီကားများ၊ ခရီးသည်တင်ကားများကို ကား ၁ စီးလျှင် ငွေကျပ် ၃ သိန်းတောင်းခံကြောင်း၊ ထို့ပြင် အိမ်စီးကားများ၊ ဆိုင်ကယ်များကိုလည်း အကြောင်းအမျိုးမျိုးပြ စစ်ဆေးပြီး ငွေညှစ်မှုများ၊ လူငယ်များကို ကားပေါ်မှ ဆွဲချ ပေါ်တာဆွဲ ဖမ်းဆီး ငွေညှစ်မှုများ၊ စစ်မှုထမ်း လူစားထိုးအဖြစ် ရောင်းစားမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ထို့ပြင် အနော်ရထာ တံတားအောက်မှ ဖြတ်သန်းသည့် စက်လှေများ၊ သင်္ဘောများကိုလည်း ဗိုလ်မှူးရဲသွေးထွန်းအမိန့်ဖြင့် ဆက်ကြေးကောက်ခံနေပြီး ကုန်မပါလျှင် သင်္ဘော ၁ စီး ၁ သိန်းနှင့် ကုန်တန်ဆာ တင်ဆောင်လာလျှင် စက်လှေ၊ သင်္ဘော ၁ စီး လျှင် ငွေကျပ် ၅ သိန်း ကောက်ခံနေကြောင်း သိရှီရသည်။

“သူက အနော်ရထာတံတားဂိတ်မှာ တာဝန်ယူတော့ တံတားပေါ် ဖြတ်တဲ့ ကားတွေတင်မက တံတားအောက်က ဖြတ်သန်းတဲ့ စက်လှေတွေကိုပါ ဆက်ကြေးကောက်တာ။ တံတားဖြတ်သန်းခွင့်ဆိုပြီး ကုန်တင်ကားနဲ့ ဆီကား‌တွေဆီကနေ ၁ စီးကို ငွေ ၃သိန်းတောင်းတယ်။ မြစ်ထဲမှာဆိုရင်တော့ တံတားအောက်က ဖြတ်သန်းခွင့်အဖြစ် သင်္ဘောနဲ့ စက်လှေတွေဆီကနေ ကုန်အလွတ်ဖြတ်သန်းရင် ၁ စီး ၁သိန်း၊ ကုန်တန်ဆာပါရင် ၁ စီးကို ၅ သိန်း ကောက်ခံတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

အနော်ရထာတံတားဂိတ်ကို ဖြတ်သန်းသည့် ခရီးသည်တင်ကားများ၊ ဆိုင်ကယ်များကိုလည်း လုံခြုံရေး အကြောင်း ပြ စစ်ဆေး၍ ငွေကြေးတောင်းခံသည့်အပြင် လူငယ်များကို စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးမှုများ ဗိုလ်မှူးရဲသွေးထွန်းနှင့်အဖွဲ့က လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဗိုလ်မှူးရဲသွေးထွန်းနှင့်အဖွဲ့က အနော်ရထာတံတားဂိတ်မှ တရားမဝင်ကုန်စည်းများ ဖြတ်သန်းလိုပါကလည်း လိုင်းကြေးရယူ ခွင့်ပြုလျက်ရှိသည့်အပြင် လိုင်စင်မဲ့ကားတင်သွင်းသော သူများနှင့် ချိတ်ဆက်ကာ မိတ္တီလာမှ ဆိပ်ဖြူအထိ လိုင်စင်မဲ့ကား ၁စီးလျှင် ငွေကျပ် သိန်း ၃၀ ဖြင့် သယ်ယူပို့ဆောင်ပေးလျက်ရှိကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်က ချောက်မြို့၊ အနော်ရထာတံတားဂိတ်တွင် လက်နက်ခဲယမ်း၊ ဆေးဝါး၊ ရိက္ခာ၊ စက်သုံးဆီ အပါအဝင် လူသုံးကုန်ပစ္စည်းများ တင်သွင်းမှုများကို တင်းတင်းကျပ်ကျပ် စိစစ်ရေး မူဝါဒ ချမှတ်ထားရာ တာဝန်ကျ ဗိုလ်မှူး ရဲသွေးထွန်းအတွက် ငွေရှာပေါက် စားဂွင်ကြီးတစ်ခုအဖြစ် ငွေကြေးများ အဆမတန်တောင်းခံနေကြောင်း ခရီးသည်တင်ကုန်ကားအသိုင်းအ၀ိုင်းက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article