စစ်တပ်နှင့်Non-CDM ဝန်ထမ်းအသိုင်းအ၀ိုင်းမှ လူငယ်များပါ စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲခံရမှုများကိုပါ မဖြေရှင်းနိုင်
ရန်ကုန်၊ ဩဂုတ် ၂၆
မြန်မာနိုင်ငံတစ်ဝန်း စစ်မှုထမ်း လူစားထိုးရောင်းစားမှုများ၊ စစ်မှုထမ်းငွေကြေးကောက်ခံမှုများနှင့် အုပ်စုဖွဲ့၍ လူ ငယ်များကို စစ်မှုထမ်းဖမ်းဆီးမှုများနှင့်ပတ်သက်ပြီး နေပြည်တော်သို့ နေ့စဉ် အမှုရာချီ တိုင်ကြားမှုများရှိနေကြောင်း နေပြည်တော်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းဆင့်ခေါ်ရေးနှင့်ပတ်သက်ပြီး ငွေကြေးကောက်ခံမှုများ၊ မသမာမှုများကို တိုင်ကြားနိုင်ကြောင်း နေ့စဉ်ထုတ် ဝါဒဖြန့်သတင်းစာများမှတစ်ဆင့် ကြေညာထားသည့်အတွက် နိုင်ငံတစ်ဝန်းမှ တိုင်ကြားမှုများမျာ နေ့စဉ် အမှုရာချီရှိကြောင်း၊ သို့ရာတွင် ယင်းအမှုများကို သက်ဆိုင်ရာ စစ်ခေါင်းဆောင်များထံသို့ တင်ပြသော်လည်း အများစုသော အမှုများမှာ အရေးယူခြင်းမရှိကြောင်း သိရှိရသည်။
“ဖုန်းနဲ့ သတင်းပေး တိုင်တာရော၊ စာနဲ့ တိုင်တာရောဆိုရင်နေ့စဉ် အမှုက ရာချီရှိတယ်။ တချို့အမှုတွေက ခိုင်မာတယ်။ မှတ်ပုံတင်နံပါတ်၊ နာမည် လိပ်စာ အမှန်နဲ့ တိုင်ကြတာ။ တချို့တွေကတော့ ပစ်စာလို တိုင်ကြတာ။ စာတွေ အားလုံးကိုတော့ အထက်ကို တင်ပြတယ်။ ဒါပေမယ့် အရေးယူမှုအပိုင်းမှာတော့ ဘာမှ ပြန်ကျမလာဘူး” ဟု နေပြည်တော်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့သတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိ တိုင်ကြားမှုများကို အရေးမယူနိုင်ခြင်းမှာ မြေပြင်တွင် စစ်မှုထမ်း တပ်သားသစ် လစဉ် လိုအပ်ချက် ကြီး မားနေဆဲဖြစ်ပြီး ယင်းအခြေအနေကြောင့် အရေးယူမှုများ ထိထိရောက်ရောက် မလုပ်ဘဲ လျစ်လျူရှုထားသည်ဟု ထင်မြင်ကြောင်း ၎င်းက ရှင်းပြသည်။
“လစဉ် လတိုင်း စစ်မှုထမ်း လိုအပ်ချက်ဖြစ်နေလို့ အရေးယူမှု မလုပ်တာလို့ မြင်ပါတယ်။ မြေပြင်မှာ ဖြစ်နေတာတွေကို မသိတာတော့မဟုတ်ဘူး။ စစ်မှုထမ်း လူစားထိုး အရောင်းအဝယ်တွေ ဖြစ်နေတာလည်း တိုင်စာတွေရော၊ ပစ်တာတွေရော အမှုတွေ အများကြီးရောက်တယ်။ နောက်ပြီး လစဉ် စစ်မှုထမ်း ကြေးကောက်နေတာတွေလည်း
တိုင်စာတွေ ရောက်တယ်။ ကျောင်းတက်နေရင်း၊ အလုပ်သွားရင်း၊ အပြင်ထွက်ရင်း စစ်မှုထမ်းအဖြစ် ဖမ်းဆီး ခံလိုက်ရတဲ့ အမှုတွေလည်း တော်တော်ကို များပါတယ်။ အဲဒါတွေ ဖြစ်နေတာ သိပေမယ့် စစ်မှုထမ်း လိုအပ်ချက်က ကြီးမားတော့ စစ်မှုထမ်းရရင် ပြီးရော ဆိုပြီး လွှတ်ထားတဲ့သဘောဖြစ်နေတယ်” ဟု ၎င်းက ရှင်းပြသည်။
ထို့ပြင် စစ်တပ်အရာရှိအသိုင်းအ၀ိုင်းနှင့် Non-CDM ဝန်ထမ်းအသိုင်းအ၀ိုင်းမှ လူငယ်များပါ အပြင်ထွက်ရင်း စစ်မှုထမ်းအဖြစ် ဖမ်းဆီးခံရမှုများရှိကြောင်း၊ ထိုသို့ အမှုများအနက်မှ တချို့မှာ ငွေကျပ် သိန်းရာချီ ပေး၍ ပြန်လည် လွတ်မြောက်သော်လည်း မလွတ်မြောက်သော အမှုများစွာလည်းရှိနေကြောင်း သိရှိရသည်။
ဩဂုတ်လ ၉ ရက်နေ့ စစ်မှုထမ်းအငြိမ်းစား၏ သားဖြစ်သော ရေကြောင်းတက္ကသိုလ်ကျောင်းသား မောင်ထွန်းအောင်လွင်သည် မြောက်ဥက္ကလာပမြို့နယ်ရှိ နေအိမ်သို့ ပြန်လည်မရောက်ဘဲ စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍လည်း ပြန်လည် ခေါ်ထုတ်နိုင်ခြင်းမရှိဘဲ စစ်မှုထမ်းသင်တန်းကျောင်းတွင် ဆက်လက် တက်ရောက်နေရသည်ဟု သိရှိထားကြောင်း နေပြည်တော်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ သတင်းရင်းမြစ်က ဆက်လက်ရှင်းပြသည်။
“သူ့အဒေါ်ဆိုတဲ့ သူက အဲဒီကလေး (မောင်ထွန်းအောင်လွင်) ကိစ္စ လိုင်းပေါ်တင်လိုက်တော့ လူကြီးတွေ ဆီ အဲဒီအမှု ရောက်တယ်။ ဒါပေမယ့် ဟိုဘက်မှာက စာရင်းသွင်းထားပြီးပြီ။ လက်မှတ်လည်းထိုးပြီးပြီဖြစ်တော့ ပြန်ပေး မထွက်တော့ဘူးလို့ ကြားရတယ်။ တချို့ ညွှန်မှူးသားတွေလည်း ပေါ်တာအဆွဲခံရတာနဲ့ ချက်ချင်းလိုက်ပြီး ငွေနဲ့ ပြန်ထုတ်နိုင်တာတွေရှိတယ်။ ရက်ကြာသွားရင်တော့ ပြန်ထုတ်ဖို့ခက်သွားတယ်။ အဓိက စစ်မှုထမ်း မပြည့်တာ ကြောင့် အဲဒီလိုတွေဖြစ်နေတာ” ဟု နေပြည်တော်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ သတင်းရင်းမြစ် က ဆက်လက်ရှင်းပြသည်။
စစ်မှုထမ်းဆင့်ခေါ်မှုနှင့်ပတ်သက်၍ ဖြစ်ပွားနေသော ပြဿနာများကို ဖြေရှင်းရန်မှာ ထိပ်ပိုင်းမှ မူဝါဒ ကောင်း မချမှတ်ဘဲ လူအင်အားရရှိရေးကိုသာ အဓိက ထားနေ၍ ယင်းကဲ့သို့ မြေပြင်တွင် ပြဿနာများစွာ အကြီးအကျယ်ဖြစ်ပွားနေခြင်းဖြစ်သည်ဟု ၎င်းက သုံးသပ်ပြောဆိုသည်။
