33 C
Yangon

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်သွင်း အကျဉ်း ချရန် နှင့် နိုင်ငံရေးတွင် ပါဝင် မှု အဆုံးသတ်ရေး လုပ်ဆောင်ရန် မင်းအောင်လှိုင် တိုက်ရိုက် အမိန့်ပေး

Must read

ရန်ကုန်၊ ဇွန် ၂၃

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ယခင်ကာလများကဲ့သို့ နေအိမ် အကျယ်ချုပ်ထားခြင်းမပြုဘဲ အကျဉ်းထောင်တွင် ထားရှိ အကျဉ်းချရန်နှင့် ၎င်း ၏ နိုင်ငံရေး ဘ၀ အဆုံးသတ်ရေး နည်းလမ်း မျိုးစုံဖြင့် လုပ်ဆောင်ရန် အကြမ်း ဖက် ခေါင်းဆောင် မင်းအောင်လှိုင်က ညွှန်ကြားထားကြောင်း သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်ရှိ အထူးတရားရုံးတွင် အမှုများ ဆက်လက် ရင်ဆိုင်ရန် ယခုရက်ပိုင်းအတွင်း စစ်တပ်က ရွှေ့ပြောင်း ခဲ့ ကြောင်း၊ တရားရင်ဆိုင်သည့်ကာလ ကုန်ဆုံး၍ အမိန့်များ ချမှတ်ပြီး ပါက လည်း အကျဉ်းထောင်တွင်သာ ထားရှိရန် မင်းအောင်လှိုင်က အမိန့်ပေး ညွှန် ကြား ထားကြောင်း သိရှိရသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို ထောင်သွင်းအကျဉ်းချဖို့ ၊ ထောင်ထဲမှာပဲ ထားဖို့ ၊ နိုင်ငံရေး စင်မြင့်မှာ နောက်ထပ် ထပ်ပြီး ပေါ်လာစရာမရှိနိုင်တော့ဘူးပေါ့။ ဒါ ကြောင့် အကျဉ်းသူဘ၀နဲ့ပဲ ထားဖို့ ဆိုတာတွေကို တပ်ချုပ်က ဝန်ကြီး (စိုးထွဋ်) ကို တိုက်ရိုက် ညွှန်ကြားမှုပေးတယ်။ တပ်ချုပ်အနေနဲ့ကတော့ ဒေါ်အောင် ဆန်းစုကြည်အပေါ်မှာ အမုန်းတရား နဲ့ အာဃာတကြီးတယ်လို့ပြောရမယ်။ သူ့ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် မျက်နှာတောင် မကြည့်ချင် မမြင်ချင်ဘူးလို့ ပြောတယ်။ အခု အမှုရင်ဆိုင်ဖို့ ထောင်တရားရုံးရွှေ့တယ်ဆိုပေမယ့် အမှု ပြီး ရင်လည်း ထောင်အတွင်းမှာပဲ အဆုံး သတ်သွားတာမျိုးအထိ သွားမယ့် အနေ အထားပါပဲ” ဟု စစ်ကောင်စီထိပ်ပိုင်းနှင့်ဆက်နွယ်မှုရှိနေသည့် သတင်း ရင်း မြစ် က ပြောသည်။

လက်ရှိ နေပြည်တော်အကျဉ်းထောင်ရွှေ့ခြင်း၊ အကျဉ်းထောင်တွင် ထားရှိရန် စီစဉ်ခြင်းများကို ပြည်ထဲရေးဝန်ကြီး စိုးထွဋ်က ကိုင်တွယ်ပြီး မင်းအောင်လှိုင်ထံ တိုက်ရိုက် အစီရင်ခံကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကိစ္စကို ကိုင်တွယ်ရာတွင် ကြားခံမရှိဘဲ မင်းအောင်လှိုင်နှင့် စိုးထွဋ်အကြား အမိန့်ပေး အမိန့်ခံယူ ပုံစံမျိုး လုပ်ဆောင်ခြင်းဖြစ်သည်ဟု သိရှိရသည်။

ထို့ပြင် လက်ရှိ မင်းအောင်လှိုင်၏ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြုမူ ဆက်ဆံ မှုများသည် ယခင် ခေတ်အဆက် ဆက် စစ်ခေါင်းဆောင်များကဲ့သို့ မဟုတ် တော့ဘဲ ကြမ်းတမ်းကြောင်း၊ စစ်တပ်အနေဖြင့်လည်း ရေရှည် ခေါင်းဆောင် အဆင့်ဆင့် အပြောင်းအလဲတွင် အာဏာ မစွန့်လွှတ်တော့ဘဲ ဆက်လက် ယူ သွားမည့် အခြေအနေ မြင်ရကြောင်း စစ်ကောင်စီထိပ်ပိုင်း နှင့်ဆက်နွယ် မှု ရှိနေသည့် သတင်းရင်းမြစ်က ပြောသည်။

“မြင်ရတာတော့ ဒီအာဏာသိမ်းမှုက လတ်တလောအတွက်လည်း မဟုတ်ဘူး။ သူတို့မှာ နောင် ၁၀ နှစ်ကနေပြီး နှစ် ၂၀ အတွက် တပ်က အာဏာရယူထားဖို့ ကြိုတင် ပြင်ဆင်မှုတွေ အများကြီးတွေ့ရတယ်။ စီးပွားရေးကစလို့ နိုင်ငံရေး အထိ ဥပဒေရေးရာတွေအထိ တပ်ဘက်က အများကြီးကို ပြင်ဆင်နေတာ ရှိပါ တယ်။ ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်မယ့် အချိန်အထိကို တပ်ဘက်က တွက်ချက်ပြီး အာဏာ လက်မလွှတ်ဘဲ ဆုပ်ကိုင်ထားမယ့် အခြေအနေလည်း မြင် ရပါတယ်” ဟု စစ်ကောင်စီထိပ်ပိုင်းနှင့်ဆက်နွယ်မှုရှိနေသည့် သတင်း ရင်း မြစ်က ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိတွင် စစ် ကောင်စီ က မတရားအမှုဆင်စွဲဆိုထားသော အမှုများစွာကို ရင်ဆိုင်နေရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article