ရန်ကုန်၊ စက်တင်ဘာ ၂
မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်တွင် လူပေါင်း ၂၀၀ နီးပါး သေဆုံးခဲ့ရသည့် Sky Villa ကွန်ဒိုအဆောက်အုံပြိုကျမှုတွင် သေဆုံးသူများကို ဆောက်လုပ်သည့် NTL ကုမ္ပဏီက တောင်းပန်ခြင်းမရှိဘဲ သေဆုံးသူ ၁ ဦးလျှင် သိန်း ၁၀၀ ပေးအပ်မည်ဖြစ်၍ အထောက် အထားတင်ပြ လာထုတ်ရန် ယနေ့ ကြေညာသည်။
မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီးကြောင့် မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုအဆောက်အုံများ ပြိုကျပျက်စီးခဲ့ပြီး ယင်းကွန်ဒိုတွင် နေ ထိုင်သော မိသားစု ၂၀၀ နီးပါး သေဆုံးခြင်းနှင့် ပျောက်ဆုံးခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ယခင်ဩဂုတ်လအထိ အလောင်းများ ဆက်လက်ရှာဖွေတွေ့ရှိနေရဆဲဖြစ်သည်။
အဆိုပါ Sky Villa ကွန်ဒို အဆောက်အအုံကို တည်ဆောက်ရောင်းချဲ့သော NTL ကုမ္ပဏီက သေဆုံးသူများအတွက် ဂရုဏာထောက်ပံ့ကြေးအဖြစ် သေဆုံးသူ ၁ ဦးလျှင် သိန်း ၁၀၀ ကျပ်တိတိကို လာမည့် စက်တင်ဘာလ ၈ ရက်နေ့မှစတင်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သေဆုံးကြောင်းအထောက်အထား၊ စာရွက်စာတမ်းများနှင့် ခိုင်လုံသော အချက်အလက်များနှင့်အတူ Sky Villa ယာယီကွပ်ကဲရေးရုံးတွင် လာရောက်လျှောက် ထားနိုင်ကြောင်း ကြေညာသည်။
ထိုသို့ သေဆုံးသူ ၁ ဦးလျှင် သိန်း ၁၀၀ ကျပ် လျှော်ကြေးပေးမည်ဟု ကြေညာသော်လည်း Sky Villa ဆောက်လုပ်ခဲ့သော NTL ကုမ္ပဏီက သေဆုံးခဲ့ရသူများ၏ မိသားစုများကို လုံး၀ တောင်းပန်ခြင်းမရှိပေ။
“ငလျင်ဒဏ်ခံနိုင်တယ်ဆိုပြီး လိမ်ရောင်းတယ်။ တစ်ခန်းကို သိန်းထောင်ချီ ပေးရတယ်။ နေတဲ့မိသားစုတွေအားလုံးကလည်း ငွေကြေးတတ်နိုင်တဲ့ မိသားစုတွေချည်းပါပဲ။ အခုအချိန်အထိ သူတို့ လိမ်ရောင်းခဲ့တာကို ပြန်မတောင်းပန်ဘူး။ အထက်စီးကနေ သေဆုံးသူ ၁ ဦးအတွက် သိန်း ၁၀၀ လျှော်ကြေးပေးမယ်ဆိုပြီး လုပ်တယ်။ တောင်းပန်စကားတခွန်းတောင်မပြောလို့ ကျန်ရစ်သူ မိသားစုတွေ ဒေါသထွက်နေကြပြီ” ဟု Sky Villa ကွန်ဒိုတွင် သေဆုံးခဲ့ရသူ ပြည်သူတစ်ဦး၏ ကျန်ရစ်သူမိသားစုဝင်တစ်ဦးက ပြောဆိုသည်။
Sky Villa ကို N.T.L ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့ပြီး iMyanmar House က ရောင်းချခဲ့ကာ ရောင်းချချိန်က ငလျင်ဒဏ်ခံ ဖောင်ဒေးရှင်းဖြင့် ဘိုးဘွားပိုင်မြေပေါ် ပိုင်ဆိုင်မှုအခိုင်အမာဆောက်လုပ်ထား၍ နောင်ရေးအတွက်စိတ်အေးရသည်ဆိုပြီး ကြော်ငြာ ရောင်းချခဲ့သည်။
မတ်လ ၂၈ ရက်နေ့ ငလျင်လှုပ်ခတ်ချိန် Sky villa Condo ၏ အဆောက်အအုံ A မှာ ၆ ထပ်အထိ မြေကြီးထဲရောက်သွားခဲ့ပြီး အဆောက်အအုံ B၊ C၊ D ၃ ခုမှာမူ လုံး၀ပြိုကျကာ လူပေါင်းရာချီ သေဆုံးခြင်းနှင့် ပျောက်ဆုံးခြင်းများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
Sky Villa ကွန်ဒိုကို ၂၀၁၇ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အိမ်ရာ အထူးစျေးရောင်းပွဲတော်များဖြင့် ရောင်းချခဲ့ကာ ကွန်ဒိုအခန်း ၁ ခန်းလျှင် သိန်း ၈၀၀၀ အထိ ခေါ်စျေးဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်။


