ရန်ကုန်၊ စက်တင်ဘာ ၂
ကရင်နီပြည်တွင် တိုက်ပွဲဇုန်ဧရိယာအတွင်း ပြည်သူများ ဖြတ်သန်းသွားလာနေထိုင်ခြင်း မပြုလုပ်ကြရန် ကယန်းအမျိုးသားတပ်မတော်(KNA) က သတိပေးချက် ထုတ်ပြန်သည်။
ပြည်သူများ တိုက်ပွဲဇုန်ဧရိယာအတွင်း ဖြတ်သန်းသွားလာခြင်း နေထိုင်ခြင်းများကို အထူးရှောင်ကြဉ်ကြရန်နှင့် မဖြစ်မနေအရေးကြီး အကြောင်းအရာပေါ်ပေါက်ခဲ့ပါက နီးစပ်ရာတော်လှန်ရေးအသင်းအဖွဲ့များနှင့် ချိတ်ဆက်အကူအညီ တောင်းခံပြီးမှသာလျှင် သွားလာကြပါရန် အထူးမေတ္တာရပ်ခံကြောင်း ကယန်းအမျိုးသားတပ်မတော်(KNA)မှ ပြောရေး ဆိုခွင့်ရှိသူ ခွန်ရဲခေါင်က ပြောကြားသည်။
တိုက်ပွဲဧရိယာဇုန်အတွင်း အကြမ်းဖက်စစ်တပ်က ဖမ်းဆီး သတ်ဖြတ်မှုကြောင့် အရပ် သားပြည်သူများ ပျောက်ဆုံးသတ်ဖြတ်ခံရမှုများ ရှိခဲ့၍ ပြည်သူများအနေနှင့် တိုက်ပွဲဇုန်ဧရိယာအတွင်း ဖြတ်သန်းသွားလာခြင်း နေထိုင်ခြင်းများကို ပြည်သူများ အထူးရှောင်ကြဉ်ကြရန် မေတ္တာရပ်ခံခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
” ဩဂုတ်လ ၃၀ ရက်နေ့က အရပ်သားပြည်သူတစ်ယောက်ကို အကြမ်းဖက်စစ်ကော်မရှင်ကနေမှ ပစ်ခတ်ပြီး သတ်ဖြတ်တယ်။ အလောင်းလည်း ပြန်မရဘူး။ ဒီလိုဖြစ်စဉ်မျိုးတွေလည်း ရှိတယ်။ ရန်သူက အခုဆို စစ်ကြောင်းတောက်လျှောက်ထိုးနေတာဖြစ်တဲ့အတွက်ကြောင့် ပြည်သူလူထုအနေနဲ့ သတိထားဖို့အတွက် ထုတ်ပြန်တာ ဖြစ်ပါတယ်”ဟု ခွန်ရဲခေါင်က ဆိုသည်။
ထို့ပြင် ပြည်သူများအနေဖြင့် တော်လှန်ရေးအဖွဲ့အစည်းအသီးသီးက ထုတ်ပြန်ထားသော စစ်ရေး သတိပေးချက်များကို အထူးအလေးထားကြရန် လိုအပ်ကြောင်း KNA ဆက်လက် သတိပေးသည်။
လတ်တလော အကြမ်းဖက်စစ်တပ်က ဒီးမော့ဆိုမြို့ပေါ်တွင် အခြေချတပ်စွဲ၍ နေထိုင်နေပြီး လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း၊ ထို့ပြင် စစ်မှုထမ်းတပ် သားများ အလုံးအရင်းအင်အားဖြင့် စစ်ကြောင်းထိုးမှုများလည်း ရှိနေကြောင်း သိရှိရသည်။
“ကရင်နီပြည် သေးသေးလေးကို အင်အားက ရာထောင်ချီသုံးပြီး ထိုးစစ်ဆင်နေတယ်။ လေကြောင်းတိုက်ခိုက်မှုကလည်း အမြဲ တမ်း လိုလိုပဲ။ လေယာဉ်တွေနဲ့လည်း နေ့ရော ညပါ ကင်းထောက်နေတယ်။ လေယာဉ်နဲ့ ဗုံးကျဲပြီဆိုရင် စစ်ဘေးရှောင်စခန်းတွေကိုပဲ ဦးတည် ကျဲတယ်။ အခြေအနေက ပြည်သူလူထုမှာ နေရေးအတော်ကိုခက်တယ်။ မြေပြင်စစ်ကြောင်းကြောင့် စစ်ဘေးရှောင် ရသလို လေကြောင်းကြောင့်လည်း နေ့ရောညပါ စိုးရိမ်ကြောက် လန့်နေရတယ်” ဟု ကရင်နီစစ်ဘေးရှောင်များကို အကူ အညီပေးနေသူ ထောက်ပို့တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
