31.1 C
Yangon

စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို ကုလသမဂ္ဂအထွေထွေညီလာခံက ကန့်ကွက်ရှုတ်ချရန် အရပ်ဘက်အဖွဲ့ ၂၀၆ ခုက တောင်းဆို

Must read

ရန်ကုန်၊ စက်တင်ဘာ ၅

အကြမ်းဖက် စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို ကုလသမဂ္ဂအထွေထွေညီလာခံက ရှုတ်ချရန် ပြည်တွင်းပြည်ပ မြန်မာအရပ်ဘက်အဖွဲ့ ၂၀၆ ခုက တောင်းဆိုလိုက်သည်။

ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အဖွဲ့ဝင်နိုင်ငံများနှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံသို့ အရပ်ဘက်အဖွဲ့ ၂၀၆ ခုက စက်တင်ဘာလ ၄ ရက်နေ့တွင် အိတ်ဖွင့်ပေးစာ တစ်စောင်ပေးပို့ခဲ့ပြီး ယင်းစာတွင် မြန်မာစစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကို ကုလသမဂ္ဂညီလာခံက ရှုတ်ချပြီး မြန်မာလူထု၏ ဒီမိုကရေစီ လိုလားချက်များကို ထောက်ခံရန် အဓိက တိုက်တွန်းထားသည်။

စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကို လုံးဝ ပယ်ချပြီး မြန်မာပြည်သူလူထု၏ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး ကြိုးပမ်းအားထုတ်မှုများကို ပြတ်သားစွာ ထောက်ခံအားပေးရန် တောင်းဆိုကြောင်း၊ သံအမတ်ကြီး ဦးကျော်မိုးထွန်ကိုလည်း ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ထိန်းသိမ်းထားနိုင်စေရန်အတွက် ကုလသမဂ္ဂအထွေထွေညီလာခံကို တိုက်တွန်းကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်၏ လုပ်ပိုင်ခွင့်ကို အဆုံးသတ်ရန်နှင့် မြန်မာအကျပ်အတည်းကို ဖြေရှင်းရာတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ဦးဆောင်ရန် တိုက်တွန်းထားသည်။

စစ်တပ်၏ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသားရှုတ်ချရေးအတွက် လာမည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် ချမှတ်ရန် တောင်းဆိုထားသည်။

စစ်တပ်က မည်သို့ပင် အမည်ပြောင်းစေကာမူ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ လုပ် ဆောင်ရန် စစ်တပ်အနေဖြင့် ဥပဒေအရသာမက နိုင်ငံရေးအရပါ တရားဝင်မှု မရှိကြောင်း၊ စစ်တပ်က “ရွေးကောက်ပွဲ” ကျင်းပရန် နယ်မြေစိုးမိုးရေးနှင့် အုပ်ချုပ်ရေး ထိန်းချုပ်မှု ကင်းမဲ့နေကြောင်း ထောက်ပြထားသည်။

လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ် ရွေးကောက်ပွဲ ကျင်းပရန် စစ်တပ်၏ အစီအစဉ်သည် တရားမဝင်ကြောင်း၊ စစ်တပ်က အကြမ်းဖက်မှု၊ ဖိနှိပ်မှုနှင့် အရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုများကို အရှိန်မြှင့်လုပ်ဆောင်နေချိန်တွင် တရားဝင်မှုကို ရရှိရေး ရွေးကောက်ပွဲကို ကျင်းပရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၂လအတွင်း စစ်အစိုးရသည် ဒီမိုကရေစီ တော်လှန်ရေးလှုပ်ရှားမှုအတွက် နယ်မြေစိုးမိုးရေးနှင့် အုပ်ချုပ်ရေး ထိန်းချုပ်မှု ကင်းမဲ့သော ဒေသများတွင် သေစေလောက်သော လေကြောင်းတိုက်ခိုက်မှုများ၊ အမြောက်များဖြင့် ပစ်ခတ်မှုများ၊ မြေလှန်စစ်ဆင်ရေးများကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ကြောင်း အရပ်ဘက်အဖွဲကများက ထောက်ပြထားသည်။

အရပ်သားများအပေါ် စစ်တပ်၏ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုများက အကြမ်းဖက်မှုများကို ပြသနေပြီး ၎င်း၏ အတုအယောင် ရွေးကောက်ပွဲတွင် ပါဝင်ရန် အတင်းအကျပ် တွန်းအားပေးနေကြောင်း၊ မတည်မငြိမ်မှုနှင့် လူ့ဆင်းရဲဒုက္ခကို အသုံးချကာ နိုင်ငံရေး အတိုက်အခံများကို စုစည်းရန် မြန်မာစစ်တပ်က လုပ်ဆောင်နေကြောင်း သိရှိရသည်။

ကုလသမဂ္ဂအထွေထွေညီလာခံအနေဖြင့် ရွေးကောက်ခံ ကိုယ်စားလှယ်များ၊ သတင်းထောက်များ၊ အာဏာဖီဆန်ရေး လှုပ်ရှားမှုအဖွဲ့ဝင်များနှင့် အခြားသော လူ့အခွင့်အရေး ကာကွယ်သူများ အပါအဝင် နိုင်ငံရေး အကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန်လည်း တိုက်တွန်းသင့် ကြောင်း၊ နိုင်ငံရေး အကျဉ်းသား ၂၂၀၀၀ ကျော်ကို စစ်တပ်က ဆက်လက် ထိန်းသိမ်းထားမှုသည် လူ့အခွင့်အရေးနှင့် တရားဥပဒေ စိုးမိုးရေးကို လုံးလုံးလျားလျား လျစ်လျူရှုထားကြောင်း၊ နိုင်ငံရေး အကျဉ်းသားများအပေါ် စနစ်တကျ ညှဉ်းပန်းနှိပ်စက်မှု၊ နှိပ်စက်ညှဉ်းပန်းမှုနှင့် လိင်ပိုင်းနှင့် ကျားမရေးရာ အခြေခံ အကြမ်းဖက်မှုတို့ကို ကျူးလွန်နေကြောင်း၊ ကုလအထွေထွေညီလာခံက အစီအမံအားလုံးကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း တိုက်တွန်းထားသည်။

စစ်အစိုးရ၏ ရွေးကောက်ပွဲဟု ခေါ်ဝေါ်သည့် မည်သည့် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင် နောက်ဆုံး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ရလဒ်ကို ထင်ဟပ်စေသည့် ဤတရားဝင်မှုကို လွှမ်းမိုးနိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် မြန်မာစစ်တပ်၏ ထိုင်ခုံနေရာရရှိရန် ကြိုးပမ်းမှုမှန်သမျှကို လုံးဝ ပယ်ချရမည်ဖြစ်ကြောင်း၊ စစ်တပ်က ဒီမိုကရေစီတရားဝင်မှုနှင့် တိုင်းပြည်အပေါ် ထိရောက်သော ထိန်းချုပ်မှု ကင်းမဲ့ပြီး နိုင်ငံတကာ ရာဇ၀တ်မှုများကို စနစ်တကျ ကျူးလွန်သူအဖြစ် ဆက်လက်တည်ရှိနေကြောင်း အရပ်ဘက်အဖွဲ့များက ဝေဖန်ထောက်ပြထားသည်။

မြန်မာ့အရေးနှင့်ပတ်သက်၍ အထူးသံတမန်၏ လုပ်ပိုင်ခွင့်များကို ရပ်ဆိုင်းပြီး ကုလသမဂ္ဂ အထွေ ထွေ အတွင်းရေးမှူးချုပ်က စစ်တပ်၏ အကြမ်းဖက်မှုများကို အရှိန်အဟုန်ဖြင့် အဆုံးသတ်ရန်၊ စစ်တပ်က ကျူးလွန်သော ရာဇ၀တ်မှုများကို တာဝန်ခံမှု ရှိစေရန်နှင့် အားလုံးပါဝင်နိုင်သော ဖက်ဒရယ်ဒီမိုကရေစီအတွက် မြန်မာလူထု၏ တော်လှန်ရေးကို ပံ့ပိုးကူညီရန် နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှုကို အရေးတကြီး ဦးဆောင်ရမည်ဖြစ်ကြောင်း အရပ်ဘက်အဖွဲ့များက တောင်းဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article