24.9 C
Yangon

မြို့နယ်နှင့် နယ်မြေရဲစခန်းတိုင်းတွင် Person Scrutinization and Monitoring System (PSMS) ဆော့ဝဲများ တပ်ဆင်၊ ပုဂံဘုရားဖူးလာသည့် CDM ဝန်ထမ်းတချို့ PSMS ဆော့ဝဲဖြင့် ဧည့်စာရင်းစစ်ချိန် အဖမ်းခံရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၈

အကြမ်းဖက်စစ်တပ်က မြို့နယ်နှင့်နယ်မြေရဲစခန်းတိုင်းတွင် ပြည်သူများကို ပြစ်မှု မှတ်တမ်းနှင့် နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှု ရှိ၊ မရှိ အဓိက စိစစ်သည့် Person Scrutinization and Monitoring System (PSMS) ဆော့ဝဲများ တပ်ဆင်ထားကြောင်း သိရှိရသည်။

ယခုနှစ် မေလနှောင်းပိုင်းမှစတင်ပြီး စစ်တပ်က ရုရှားနည်းပညာဖြင့် ရေးဆွဲထားသော PSMS Application ကို စတင်အသုံးပြုပြီး စစ်တပ်၏ စစ်ဆေးရေးဂိတ်များ၊ လေဆိပ်၊ ရေဆိပ်၊ မြို့အဝင်အထွက်ဂိတ်များနှင့်ကားဂိတ်များတွင် စတင်အသုံးပြုခဲ့ကြောင်း၊ အဆိုပါ PSMS ဆော့ဝဲလ်ဖြင့် စစ်တပ်က အလိုရှိနေသော နိုင်ငံရေးလှုပ်ရှားသူ၊ CDM များနှင့် စစ်ပြေးရဲပြေး လူများကို စတင်ဖမ်းဆီးခဲ့ကြောင်း၊ ယခုအခါတွင်မူ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ မြို့နယ်ရဲစခန်းတိုင်းနှင့် နယ်မြေရဲစခန်းတိုင်းတွင် PSMS ဆော့ဝဲလ်များကို စတင်အသုံးပြုနေပြီဖြစ်ကြောင်း ၊ PSMS Application ကိုလည်း Version 2 အထိအဆင့်မြှင့်တင်လိုက်ပြီး အလိုရှိနေသော လူဦးရေ ၈ သောင်းစာရင်းကို ထည့်သွင်းထားကြောင်း သိရှိရသည်။

“ရဲစခန်းတိုင်းမှာ PSMS Application တွေ တပ်ဆင်ထားပြီ။ ဧည့်စာရင်းတင်မဟုတ်တော့ဘူး။ ရဲစခန်းမှာ ပြစ်မှု မှတ်တမ်းကင်းရှင်းကြောင်း သွားယူရင်တောင် အဲဒီ PSMS ဆော့ဝဲနဲ့ အစစ်ခံရမှာပါ။ မြို့နယ်ရဲစခန်းတွေရော၊ နယ်မြေရဲစခန်းခွဲတွေမှာလည်း အကုန်တပ်ဆင်ထားပြီ” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။

လတ်တလော ညောင်ဦးမြို့နယ်၊ ပုဂံမြို့ပေါ်တွင် ဟိုတယ်များနှင့်တည်းခိုခန်းများကို ဧည့်စာရင်းစစ်ရာတွင် ရဲနှင့်စစ်တပ်က PSMS ဆော့ဝဲများဖြင့် စစ်ဆေးနေပြီး CDM ဝန်ထမ်းတချို့ ဘုရားဖူးလာရင်း ဖမ်းဆီးခံခဲ့ရကြောင်း ညောင်ဦးမြို့နယ်မှ ရဲသတင်းရင်းမြစ်က ပြောဆိုသည်။

“ပုဂံကို ဘုရားဖူးလာတဲ့ သူတွေထဲက CDM ဝန်ထမ်းတချို့ PSMS နဲ့ အဖမ်းခံရတယ်။ ရဲတွေမှာ Tablet တွေပါတယ်။ အဲဒီ Tablet ထဲကို မှတ်ပုံတင်နံပါတ် ရိုက်ထည့်လိုက်တာနဲ့ CDM လုပ်ထားတာပေါ်လာတာ။ ဖမ်းမိတာက သူနာပြုနဲ့ ကျောင်းဆရာမတချို့ ဖမ်းမိတာပါ။ ညောင်ဦးရဲစခန်းမှာ အမှုဖွင့်ထားတယ်။ ပုဂံကဟိုတယ်တွေက ညနေတိုင်းဧည့်စာရင်းတိုင်ရတယ်။ အဲဒီစာရင်းကို ရဲက ရပြီး Tablet နဲ့ မှတ်ပုံတင်ကို ရိုက်ထည့်လိုက်တာနဲ့ CDM စာရင်း ကျလာတာ” ဟု ညောင်ဦး ရဲသတင်းရင်းမြစ်က ပြောဆိုသည်။

စစ်တပ်က နိုင်ငံရေးလှုပ်ရှားသူများကို အဓိက ဦးတည် နှိပ်ကွပ် စစ်ဆေးရန် သီးသန့် ထုတ်လုပ်ထားသော PSMS Application မှာ ၎င်းတို့ အသိ အမှတ် ပြုထားသည့် ဖုန်း၊ ကွန်ပျူတာများတွင်သာ Download လုပ်နိုင်ပြီး အခြားကွန်ပျူတာနှင့်ဖုန်းများက ကူးယူခြင်း မပြုနိုင်ဘဲ လုံခြုံရေး အဆင့်မြင့်ကြောင်း၊ လက်ရှိ ရဲစခန်းများအားလုံးတွင် PSMS Application တပ်ဆင်ထားပြီးဖြစ်၍ အထူးသတိထားရန် လိုအပ်ကြောင်း ရဲသတင်းရင်းမြစ်တချို့က တိုက်တွန်းပြောဆိုသည်။

ဓာတ်ပုံ – လူငယ်များကို အဓိက စစ်ဆေးမှုလုပ်ဆောင်နေသော မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တစ်ခု။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

လူငယ်များကို အဓိက စစ်ဆေးမှုလုပ်ဆောင်နေသော မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တစ်ခု။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article