အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တရားမဝင် အတုအယောင် ရွေးကောက်ပွဲ တခုကို ပြုလုပ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၂၀၂၅ ခုနှစ် ဇူလိုင်လ (၃၁) ရက်နေ့မှာ ဖွဲ့စည်းပုံနဲ့ အခင်းအကျင်း ပြောင်းလဲမှု အချို့ကို ပြုလုပ်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ပြည်သူ့အာဏာကို မတရားလုယူဖို့ ကြိုးစားတဲ့အချိန်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက) – State Administration Council(SAC) ဆိုတဲ့ နာမည်နဲ့ စစ်ခေါင်းဆောင်အများစုနဲ့ စုဖွဲ့ပြီး နောက်ပိုင်းမှာ သက်တမ်းကို (၆) လ တဖြတ် (၇) ကြိမ် တိုးတိုးလာခဲ့ရာကနေ ၂၀၂၅ ခုနှစ် ဇူလိုင်လ (၃၁) ရက်နေ့မှာတော့ (၆) လသက်တမ်း ထပ်မတိုးတော့ဘဲ နစက ကို ဖြတ်သိမ်းပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်(နလအ) အဖြစ် (၁၀) ဦးနဲ့ ပြောင်းလဲ ဖွဲ့စည်းကာ သူကိုယ်တိုင်ကတော့ ဥက္ကဋ္ဌ နေရာကို ယူထားခဲ့ပါတယ်။
ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ(ကာ/လုံ) ကို အားဖြည့်တဲ့အနေနဲ့ ဦးအောင်လင်းဒွေးကို အမှုဆောင်ချုပ်၊ ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို တွဲဖက်အမှုဆောင်ချုပ် အဖြစ် ခန့်အပ်ခဲ့သလို ကာ/လုံ ဗဟိုအကြံပေးအဖွဲ့ကိုလည်း နစက အဖွဲ့ဝင်ဟောင်းအချို့၊ ဝန်ကြီးဟောင်းအချို့ အပါအဝင် (၁၅) ဦးနဲ့ ဖွဲ့စည်းခဲ့ပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ် (၅)မြို့နယ်၊ ကယား/ကရင်နီပြည်နယ် (၃)မြို့နယ်၊ ကရင်ပြည်နယ်(၂)မြို့နယ်၊ ချင်းပြည်နယ် (၇)မြို့နယ်၊ စစ်ကိုင်းတိုင်း(၉)မြို့နယ်၊ မကွေးတိုင်း (၅)မြို့နယ်၊ မန္တလေးတိုင်း(၃)မြို့နယ်၊ ရခိုင်ပြည်နယ်(၁၄)မြို့နယ်၊ ရှမ်းပြည်နယ်(၁၅)မြို့နယ် စတဲ့ တိုင်းနဲ့ ပြည်နယ် (၉) ခုက မြို့နယ် (၆၃) မြို့နယ်ကိုလည်း အရေးပေါ်အခြေအနေအဖြစ် စစ်အုပ်ချုပ်ရေး ရက် (၉၀) ကြေညာပြီး တိုင်းစစ်ဌာနချုပ် နဲ့ တိုင်းမှူးတွေကို စစ်အုပ်ချုပ်ရေးအာဏာပေးအပ်ခဲ့ပါတယ်။
အဲဒီ့နောက်မှာ ကျန် မြို့နယ်တွေမှာလည်း ပြည်သူတွေရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု(Privacy) နဲ့ လုံခြုံမှု(Security) ကို စိတ်တိုင်းကျ ပြန်လည်ချိုးဖောက်ထိပါးနိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက် နဲ့ သမ္မတ ဦးထင်ကျော်လက်ထက် ၂၀၁၇ ခုနှစ် မတ်လ (၈) ရက်နေ့မှာ အတည်ပြုပြဌာန်းခဲ့တဲ့ “နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ”ထဲက ပုဒ်မ ၃ ခု( ပုဒ်မ ၅၊ ၇၊ ၈) တို့ကို ရပ်ဆိုင်းလိုက်ပါတယ်။
ဒီအခင်းအကျင်းတွေကို ကြည့်မယ်ဆိုရင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သမ္မတ၊ စစ်ဦးစီးချုပ်၊ စစ်ကော်မရှင် ဥက္ကဋ္ဌ ဆိုတဲ့နေရာတွေကို ဆက်လက်ကိုင်စွဲထားပြီး ဝန်ကြီးချုပ်နေရာမှာ ဦးညိုစောကို အစားထိုးထားတယ်ဆိုပေမယ့် စစ်ကော်မရှင်မှာ သူ့အောက်ထဲ ပြန်ထည့်ထားတာကို ကြည့်ခြင်းအားဖြင့် အကြွင်းမဲ့အာဏာကို ဆက်ကိုင်ထားကြောင်း မြင်နိုင်သလို ပြောင်းလဲဖွဲ့စည်းတဲ့ စစ်ကော်မရှင်ရဲ့ နာမည်မှာ လုံခြုံရေးနဲ့ အေးချမ်းသာယာရေး ဆိုတဲ့ စကားလုံးတွေကို ထည့်သွင်းထားတာ၊ ကာ/လုံကို အင်အားဖြည့်တာ၊ မြို့နယ်အချို့ကို စစ်အုပ်ချုပ်ရေးကြေညာတာ၊ ပြည်သူတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးထားတဲ့ ဥပဒေပုဒ်မတွေကို ရပ်ဆိုင်းတာ စတဲ့ လုပ်ရပ်ဆောင်ခဲ့ပါတယ်။
ဒီလုပ်ရပ်တွေကို ထောက်ရှုရင် တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ပထမပိုင်း လုပ်မယ်လို့ ကြေညာထားတဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့မတိုင်မီ (၅) လအတွင်းမှာ စစ်ရာဇဝတ်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်ကြောင်းထိုးမှုတွေ၊ ပြည်သူလူထုကို ဦးတည်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှု တွေကို ဆတိုး ကျူးလွန်တော့မယ့် အလားအလာဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းကို မြင်နိုင်ပါတယ်။
ဩဂုတ်လ (၁၈) ရက်နေ့မှာ တရားမဝင် အတုအယောင်ရွေးကောက်ပွဲ ပထမပိုင်း ကျင်းပမယ့် မြို့နယ် (၁၀၂) မြို့နယ် စာရင်းကို ကြေညာခဲ့ပါတယ်။ လက်တွေ့အခြေအနေတွေအရ မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုဟာ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ တခုကိုကျင်းပပေးဖို့အတွက် တရားဝင်မှုနဲ့ အခွင့်အာဏာ လုံးဝမရှိသလို တနိုင်ငံလုံးအတိုင်းအတာနဲ့ ရွေး ကောက်ပွဲ တခုကို လုပ်နိုင်စွမ်းလည်း ရှိမနေ ပါဘူး။
ဒါ့ကြောင့်လည်း တရားမဝင် ရွေးကောက်ပွဲကို အပိုင်းတွေ ခွဲခွဲလုပ်မယ်ဆိုတဲ့ အခင်းအကျင်း ပေါ်ပေါက် လာတာ ဖြစ်ပါတယ်။ သူတို့ အခု ကြေညာထားတဲ့ (၁၀၂) မြို့နယ်ထဲမှာတောင် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေအပါအဝင် တော်လှန်ရေးအင်အားစုတွေ စိုးမိုးထိန်းချုပ်ထားတဲ့ မြို့နယ်အချို့ နဲ့ စစ်ရေးထိတွေ့တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတဲ့ မြို့နယ်အချို့ ပါဝင်နေတာ တွေ့ရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ နိုင်ငံအချို့ဆီကနေ စစ်လက်နက်ပစ္စည်းအကူအညီတွေ ရရှိနေသလို၊ အဓမ္မစစ်သား စုဆောင်းရေး လုပ်ငန်းစဉ်ကနေလည်း လူအင်အားတွေရရှိနေတာကြောင့် အဲဒီ့ အရင်းအမြစ်တွေကို အသုံးပြုပြီး ပထမအဆင့်အနေနဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာထားတဲ့ မြို့နယ်တွေ ထဲက တော်လှန်ရေးအင်အားစုတွေ စိုးမိုးသိမ်းပိုက် ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို အလုံးအရင်းနဲ့ စစ်ကြောင်း ထိုးလျက်ရှိနေပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ ထုံးစံအတိုင်း ဒီလို စစ်ကြောင်းထိုးမှုဖြစ်စဉ်တွေမှာ ဖြတ်သန်း သွားလာသမျှ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်တာ၊ ပြည်သူ့ စည်းစိမ်ဥစ္စာတွေကို ဖျက်ဆီးတာ၊ လုယက်ယူငင်တာတွေကိုလည်း တပါတည်း ကျူးလွန်လျက် ရှိနေပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ ဩဂုတ်လ တလတည်းအတွင်းမှာ မတရားဖမ်းဆီးထိန်းသိမ်းတာ(Arbitrary arrest and Detention)၊ အဓမ္မစစ်သားစုဆောင်းတာ(Forced Conscription) ၊ ကလေးစစ်သားစုဆောင်းတာ(Child Soldier)၊ အဓမ္မအလုပ်စေခိုင်းတာ(Forced Labor)၊ တရားမဲ့သတ်ဖြတ်တာ (Extrajudicial Killing)၊ အင်အားသုံးနေရပ် စွန့်ခွာစေတာ(Forced Displacement)၊ အိုးအိမ်စည်းစိမ်တွေကိုဖျက်ဆီးတာ(Property Destruction)၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာ(Sexual Violence)၊ ညှင်းပမ်းနှိပ်စက်တာ(Torture)၊ လွတ်လပ်စွာရေးသား ထုတ်ဖော် ပြောဆိုခွင့်ကို ထိပါးတာ(Violation of FOE) စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု မျိုးစုံကို ကျူးလွန်ခဲ့တဲ့ ဖြစ်စဉ်ပေါင်း (၆၅၆) ခုအထိ ရှိခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ်လအတွင်းမှာ စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် မင်းကွန်းဒေသ မယ်ဇလီချောင်းရွာနေ အသက် (၃၀) နှစ်အရွယ် ကိုဇော်ဇော်မျိုးကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်တပ်မ (၃၃)က အရှင်လတ်လတ် ဓားနဲ့ထိုး၊ ခြေကျင်းဝတ် တွေခုတ်ဖြတ်၊ ဗိုက်ခွဲ ခေါင်းဖြတ်ပြီး ဧရာဝတီမြစ်ထဲကို ပစ်ချခဲ့တဲ့ ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ ဩဂုတ်လကုန်ပိုင်းမှာပဲ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ချပ်သင်းတိုက်နယ်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ဟာ စစ်ရှောင်လင်မယား (၂) ဦးကို ဦးခေါင်းတည့်တည့် သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး ပြည်သူပိုင် ကျွဲ၊ နွားတွေကို ယူဆောင်သွားခဲ့တဲ့ ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။
ဩဂုတ်လ ၂၀ ရက်နေ့မှာလည်း မကွေးတိုင်း ပေါက်မြို့နယ် ရေယဥ်ရွာကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး လူနေအိမ် ၃၃ လုံး မီးရှို့ဖျက်ဆီးခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ အကြမ်းဖက်စစ်တပ်ဟာ ဖွဲ့စည်းပုံပြောင်းလဲပြီး ဩဂုတ်လ (၁) လတည်းမှာပဲ ၅ ယောက်နဲ့ အထက် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ် (၂၂) ခု ကျူးလွန် ခဲ့ပြီး အဲဒီ့ ဖြစ်စဉ်တွေအတွင်းမှာ ပြည်သူ ၂၂၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဩဂုတ်လအထိ လစဉ် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ရှိခဲ့ပေမယ့် ဖြစ်စဉ်အရေအတွက်နဲ့ လူသေဆုံးမှုအရေအတွက်တွေကတော့ ဩဂုတ်လမှာ ပိုပြီးများ လာတာတွေ့ရပါတယ်။
လေကြောင်းတိုက်ခိုက်မှုကို ကြည့်မယ်ဆိုရင်လည်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ အချက်အလက်တွေ အရ ဩဂုတ်လ တလတည်းအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း (၄၉၃) ကြိမ်ရှိခဲ့ပြီး အဲဒီ့တိုက်ခိုက်မှု တွေကြောင့် သေဆုံးသူ (၂၇၈) ဦး ရှိခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူတွေထဲမှာ အသက် (၁၈) နှစ်အောက် ကလေးငယ် (၄၄) ဦးနဲ့ အသက်အရွယ် ပိုင်းခြားမရသူ (၄၆) ဦးပါဝင်ပါတယ်။ ဒီလေကြောင်းတိုက်ခိုက်မှုတွေမှာ အကြမ်းဖက်လေတပ်ဟာ အရပ်သားပစ်မှတ်တွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ဘာသာရေး အဆောက်အဦတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး ဩဂုတ်လ တလတည်း အတွင်းမှာ စာသင်ကျောင်း (၁၅)ကျောင်း၊ ဆေးရုံဆေးခန်း (၆) ခုနဲ့ ဘာသာရေးအဆောက်အဦ (၃၆) လုံး ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေများစွာထဲကမှ လူအများဆုံး သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေအနေနဲ့ အောက်ပါ ဖြစ်စဉ်တွေ ဖြစ်ပျက်ခဲ့တာတွေ့ရပါတယ်။
– ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်ရှိ၊ မော်ချီးဒေသကို အကြမ်းဖက်စစ်အုပ်စုက ဩဂုတ်လ ၁၇ ရက်နေ့မှာ လေကြောင်းကနေ နှစ်ကြိမ်တိုင်တိုင်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဆေးရုံကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် ၁၈ နှစ်အောက် ကလေးငယ် ၅ ဦးအပါအဝင် ပြည်သူ ၃၂ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။ ဒါ့အပြင် ဒဏ်ရာရရှိသူ ၁၉ ဦးအနက် ၁၈ နှစ်အောက် ကလေးငယ်တစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။
– နောက်တခုကတော့ ဩဂုတ်လ ၂ ရက်နေ့ မနက်ပိုင်းမှာ မိုးကုတ်မြို့ လူနေရပ်ကွက်ကို တံတားဦးလေဆိပ်က တက်လာတဲ့ ဂျက်ဖိုက်တာ (၁) စီးက ဗုံး(၂)လုံးကြဲချခဲ့တဲ့ဖြစ်စဉ်ဖြစ်ပြီး ဒီတိုက်ခိုက်မှုကြောင့် သံဃာတော် ၁ ပါး၊ ကလေး ၁ ဦးအပါအဝင် ပြည်သူ ၁၂ ဦးသေဆုံးခဲ့ကာ ၁၄ ဦးထိမှန်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁၀ အိမ်၊ ကား ၃ စီးနဲ့ ဆိုင်ကယ် ၃ စီးထိခိုက် ပျက်စီးခဲ့ရပါတယ်။
– နောက်တခုကတော့ ဩဂုတ်လ ၈ ရက် နံနက် ၈ နာရီ ခန့်မှာ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်၊ လမ်းလယ်ကျစ်ကျေးရွာက နေအိမ် တစ်အိမ်မှာ နာရေးရက်လည်အခမ်းအနား ပြုလုပ်နေတုန်း အကြမ်းဖက်စစ်ကောင်စီတပ်က အသေခံဒရုန်းတစ်စီးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၁၁ ဦးကျော်သေဆုံးပြီး ၄၀ ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ်ဖြစ်ပါတယ်။
– နောက်ဖြစ်စဉ်တခုကတော့ ဩဂုတ်လ ၂၅ ရက်နေ့ ညအချိန်မှာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ အောင်တပ်အုပ်စု၊ ဒိုင်းကျီရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေ အပါအဝင် ပြည်သူ ၁၂ ယောက် သေဆုံးခဲ့ပြီး ၂၁ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ အချက်အလက်ပြဇယားတွေကို လေ့လာကြည့်တဲ့အခါ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုအရေအတွက်တွေဟာ မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့ စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်အပြီး ဧပြီလနဲ့ စစ်အုပ်စု ဖွဲ့စည်းပုံပြောင်းအပြီး ဩဂုတ်လတွေမှာ ထိုးတက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။
ဧပြီလအတွင်း တိုက်ခိုက်သတ်ဖြတ်မှုတွေမှာ ငလျင်ဒဏ်ခံ ဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့ကို ပိုပစ်မှတ် ထားတာ တွေ့ရပြီး၊ ဩဂုတ်လအတွင်း တိုက်ခိုက်သတ်ဖြတ်မှုတွေမှာလည်း တော်လှန်ရေးအင်အားစုတွေစိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ပစ်မှတ်ထားကာ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းကတော့ ဖြစ်စဉ်အများဆုံး ဖြစ်ခဲ့တာ တွေ့ရပါတယ်။
အခု အချက်အလက်တွေဟာ ဩဂုတ်လ တလတည်းရဲ့ အချက်အလက်တွေဖြစ်ပြီး တရားမဝင် အတုအယောင်ရွေးကောက်ပွပထမပိုင်း ပြုလုပ်မယ်လို့ ကြေညာထားတဲ့ ဒီဇင်ဘာလ (၂၈) ရက်နေ့အထိနဲ့ အဲဒီ့နောက်ပိုင်း ဒုတိယပိုင်း၊ တတိယပိုင်းတွေ လုပ်လာမယ့် ရက်တွေမတိုင်ခင်မှာ အကြမ်းဖက်စစ်တပ်ဟာ အခုလိုမျိုး စစ်ရာဇဝတ်မှုတွေ၊ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ထပ်ထပ်တိုးပြီး ကျူးလွန်လာဦးမယ့်အခြေအနေကို မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံး ရင်ဆိုင်ကြုံတွေ့နေကြရတာဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ သူတို့ရဲ့ အာဏာတည်မြဲရေးနဲ့ သူတို့ ကျူးလွန်ခဲ့ ကျူးလွန်ဆဲဖြစ်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိရေးအတွက် တရားမဝင် အတုအယောင်ရွေးကောက်ပွဲတခုကို ဇွတ်အတင်းကျင်းပနိုင်ဖို့ ပြည်သူ လူထုရဲ့ အသက်၊ သွေး တို့နဲ့ခင်းသော လမ်းကို ရက်ရက်စက်စက် လျှောက်လှမ်းနေတာဖြစ်ပါတယ်။
ဒီအခြေအနေမှန်ကို မသိကျိုးကျွံပြုပြီး အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြုလုပ်ဖို့ ကြိုးစားနေတဲ့ အတုအယောင်ရွေးကောက်ပွဲ၊ သွေးစွန်းသော ရွေးကောက်ပွဲကို ထောက်ခံအားပေးနေခြင်းဟာ မြန်မာပြည်သူလူထုအပေါ် ထပ်တိုးကျူးလွန် လာမယ့် စစ်ရာဇဝတ်မှုတွေအတွက် အားပေးအားမြှောက်ပြုတာပဲဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိမြင်စေချင်ပါတယ်။
မျက်လုံးတဖက်မှိတ်ပြီး တရားမဝင် အတုအယောင်ရွေးကောက်ပွဲတခုတည်းကိုသာ ကြည့်မနေဘဲ မျက်လုံးနှစ်ဖက်စလုံးဖွင့်ပြီး အကြမ်းဖက်စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကိုလည်း မြင်အောင်ကြည့်ကြဖို့ အားလုံးကို မေတ္တာရပ်ခံတိုက်တွန်းလိုက်ရပါတယ်။
ဓာတ်ပုံ- စစ်တပ်က ယခုနှစ် ဇူလိုင်လအတွင်း စစ်ကိုင်းတိုင်း၊ မင်းကွန်းဒေသတွင် ပြည်သူတစ်ဦးကို ခေါင်းဖြတ်သတ်ဖြတ်ရန် ဖမ်းဆီးထားစဉ်။
( နေဘုန်းလတ်သည် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူဖြစ်သည်။)
