ရန်ကုန်၊ စက်တင်ဘာ ၁၀
မြန်မာနိုင်ငံတွင် စစ်တပ်က လုပ်ဆောင်သည့် ရွေးကောက်ပွဲမှန်သမျှသည် ယုံကြည်စရာအကြောင်းမရှိတော့ဘဲ KNU အနေဖြင့်လည်း လုပ်သင့်လုပ်ထိုက်သည်များကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အကြောင်းအမျိုးမျိုးပြ၍ အာဏာသိမ်းခဲ့ကြောင်း၊ အာဏာသိမ်းသော အကြောင်းပြချက်များမှာ ကြောင်းကျိုးဆီလျှော်မှုမရှိကြောင်း၊ ၁၉၉၀ ရွေးကောက်ပွဲတွင်လည်း NLD ပါတီက အနိုင်ရခဲ့ပြီး ရလဒ်ကို အလေးထားပါမည်ဟုဆိုကာ စစ်တပ်က လုပ်ချင်ရာလုပ်ခဲ့ကြောင်း၊ စစ်အာဏာသိမ်းသည့်အကြိမ်တိုင်း တိုင်းပြည်ပျက်စီးသွားကြောင်း၊ ထို့ကြောင့် စစ်တပ်က လုပ်မည့် ရွေးကောက်ပွဲများသည် ယုံကြည်စရာအကြောင်းမရှိတော့ကြောင်း ၎င်းက ပြောဆိုသည်။
“အကြောင်းအမျိုးမျိုးပြ အာဏာသိမ်းတယ်ဆိုတာက မရိုးနိုင်တဲ့ သူတို့လုပ်ရပ်ပဲလေ။ ဒီလိုဒီလို ဖြစ်လို့ အာဏာသိမ်းတယ်ဆိုတာနဲ့ပဲ ကျနော်တို့ တိုင်းပြည်က ပျက်စီးသွားတာပဲလေ။ ဒီလိုဒီလိုဖြစ်လို့ အာဏာသိမ်းရပါတယ်ဆိုတာကြီးက ဘယ်လိုမှ ကြောင်းကျိုးဆီလျှော်မှုမရှိဘူး။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကိုလည်း အလေးထားပါမယ်ဆိုပြီး တလွဲတွေလုပ်ပြီး အကုန်လုံး လမ်းလွဲအောင် လုပ်ပစ်လိုက်တာပဲ။ သူတို့လုပ်မယ့် ရွေးကောက်ပွဲတွေက ယုံကြည်စရာအကြောင်းမရှိဘူး။ လုပ်စရာရှိတာ ကျနော်တို့ ဆက်လုပ်သွားမယ်” ဟု ပဒိုစောတောနီးက ရှင်းပြသည်။
အခြားတစ်ဖက်တွင်လည်း အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်မဖြစ်မြောက်စေရန်အတွက် ကရင်မျိုးသားရဲတပ်ဖွဲ့က အတူ တကွပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း KNU ဗဟိုက ထုတ်ပြန်ကြေညာသည်။
ယမန်နေ့ စက်တင်ဘာလ ၉ ရက်နေ့တွင် ကျရောက်သော ၃၄ ကြိမ်မြှောက် ကရင်အမျိုးသားရဲတပ်ဖွဲ့ နေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် KNU -ကရင်အမျိုးသားအစည်းအရုံး ဗဟိုက ကြေညာလာခြင်းဖြစ်သည်။
ဇူလိုင်လ ၃၁ ရက် နေ့တွင် အကြမ်းဖက်စစ်ကောင်စီသည် စစ်ကော်မရှင်သို့ ပြောင်းလဲ ဖွဲ့စည်း လိုက် ပြီး တရားဝင်မှုရရှိရေးအတွက် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကြိုးပမ်းလာကြောင်း၊ ဤ ရွေးကောက်ပွဲသည် နိုင်ငံ၏ ပြဿနာများကို မဖြေရှင်းနိုင်သာမက ရွေးကောက်ပွဲကျင်းပခြင်းအား ဖြင့် ပြည်တွင်း ပဋိပက္ခများကို ပိုမိုဖြစ်ပွားစေပြီး ကြောက်လန့်မှု၊ စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေ မည်ဖြစ်ကြောင်း KNU ဗဟိုက ပြောဆိုထားသည်။
ထို့ကြောင့် ကရင် အမျိုးသားရဲတပ်ဖွဲ့ရှိ ရဲဘော်ရဲဘက် ခေါင်းဆောင်များနှင့် တာဝန်ရှိပုဂ္ဂိုလ်အားလုံး သည် ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံးမှ စစ်ကော်မရှင်၏ ရွေးကောက်ပွဲမဖြစ်မြှောက်ရေး အတွက် ဆန့်ကျင်တော်လှန်နေပြီး ကရင်အမျိုးသားရဲတပ်ဖွဲ့မှ မိမိတို့ကျရာတာဝန်ကို အတူတကွ ပူးပေါင်း ဆောင်ရွက် ရမည်ဖြစ်ကြောင်း အသိပေးထားခြင်းဖြစ်သည်။
ကရင်အမျိုးသား ရဲတပ်ဖွဲ့သည် ပြည်သူများနှင့်အတူလက်တွဲပြီး မိခင်အဖွဲ့အစည်း အကောင်အထည် ဖော် ဆောင်ရွက်ရမည့် အရာ များကို ပံ့ပိုးကူညီရန် တာဝန်ရှိကြောင်း ဆက်လက် အသိပေးထား သည်။
KNU-ကရင်အမျိုးသားအစည်းအရုံးချမှတ်ထားသည့် မူဝါဒနှင့် ကရင်တစ်မျိုးသားလုံး၏ နိုင်ငံ ရေး ရည်မှန်းချက်များရှိသည့်အလျောက် တာဝန်ဝတ္တရား ရှိသည့်အတွက် ကရင်အမျိုးသားရဲတပ်ဖွဲ့ နှင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးသည် ပြည်သူများအား ကာကွယ်ပေးခြင်း၊ လုံခြုံမှု မရှိ အောင် လုပ်ဆောင်သည့် လုပ်ရပ်များကို အရေးယူခြင်းနှင့် ပြည်သူများကို စိုးရိမ်ပူပန်မှုဖြစ်စေ ခြင်း များအား လျော့ချခြင်းတို့ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း KNU ဗဟို၏ သဝဏ်လွှာတွင် ဖော်ပြ ထားသည်။
ပြည်သူလူထုများ၏ အသက်အိုးအိမ် စည်းစိမ်များကာ ကွယ်ရန်နှင့် တရား ဥပဒေ စိုးမိုးရေးကို အ ကောင် အထည်ဖော်ရန်အတွက် ပြည်သူလူထုများသည် လုံခြုံရေး အခန်းကဏ္ဍ တာဝန်များကို ကရင် အမျိုးသားရဲတပ်ဖွဲ့များနှင့် ပူးပေါင်းပါဝင်ရန်နှင့်ပံ့ပိုးကူညီရန် အလွန်ပင်အရေးကြီးကြောင်း သဝဏ် လွှာ၌ ဖော်ပြထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
