26.3 C
Yangon

“ဒေါ်အောင်ဆန်းစုကြည် နေမကောင်းဘူး” ဆိုသော သတင်းများ မမှန်ကန်ဟု စစ်တပ်က ထုတ်ပြန်လာမှုအပေါ် အမေဖြစ်သူနှင့် တိုက်ရိုက်ဆက်သွယ်ခွင့်ပေးရန် သားဖြစ်သူ ကိုထိန်လင်း တောင်းဆို

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၀

ဒေါ်အောင်ဆန်းစုကြည် နေမကောင်းဘူးဆိုသော သတင်းများမှာ မမှန်ကန်ဟု စစ်တပ်က ထုတ်ပြန်လာမှုများအပေါ် အမေဖြစ်သူနှင့် တိုက်ရိုက်ဆက်သွယ်ခွင့်ပေးရန် သားဖြစ်သူ Kim Aris ခေါ် ကိုထိန်လင်း တောင်းဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်တွင် နှလုံးရောဂါ ဆိုးရွားနေပြီး နှလုံးအထူးကုနှင့်ပြသခွင့်ပေးရန် တောင်းဆိုမှုအပေါ် စစ်တပ်က ငြင်းဆန်ထားကြောင်း သားဖြစ်သူ Kim Aris ခေါ် ကိုထိန်လင်းက စက်တင်ဘာလ ၅ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ သတင်းထုတ်ပြန်မှုအပေါ် အကြမ်းဖက် စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ အကြမ်းဖက် ဇော်မင်းထွန်းက သတင်းအမှားသာ ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။ ထို့ကြောင့် အမေဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့်တိုက်ရိုက်ဆက်သွယ်ခွင့်ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအတည်ပြုရန် သားဖြစ်သူ Kim Aris ခေါ် ကိုထိန်လင်းက တောင်းဆိုသည်။

“စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက “မေမေ နေမကောင်းဘူး”ဆိုတာ မမှန်ကန်တဲ့သတင်းလို့ ဆိုတယ်။ ဒါဆိုရင် မေမေ့ ကျန်းမာရေးအခြေအနေ အတိအကျကို အတည်ပြုဖို့ မေမေနဲ့ တိုက်ရိုက် ဆက်သွယ်ခွင့်ကို ကျနော် တောင်းဆိုပါတယ်။

ဒီလိုဆက်သွယ်ခွင့်မရှိရင် သူတို့ပြောဆိုချက်ကို လက်ခံယုံကြည်လို့ မရပါဘူး။ မေမေ့ကို အထီးကျန်ထားပြီး မိသားစုဝင်တွေ၊ တရားဥပဒေရေးရာဘက်ကသူတွေ၊ ပြင်ပက ဆရာဝန်တွေနဲ့ တွေ့ခွင့်ကို တင်းကျပ်ထားပြီး၊ ငြင်းဆိုနေတာဟာ လုံးဝမလက်ခံနိုင်ပါ။ အသက် ၈၀ အရွယ် ကျနော့်မေမေကို ဖမ်းဆီးချုပ်နှောင်ထားတဲ့ အကျဉ်းထောင်အခြေအနေတွေက မေမေ့ရဲ့ ကျန်း မာရေးကို ထိခိုက်စေမှာ အသေအချာပါ။ မေမေဟာ သူ့ရဲ့အခြေခံ လူ့အခွင့်အရေးတွေကို ပိတ်ဆို့ခံနေရပါတယ်။ မြန်မာ ပြည်သူတွေ၊ မေမေ့ရဲ့ မိသားစုတွေနဲ့ ကမ္ဘာတဝှမ်းက မေမေ့အကြောင်းသိလိုသူတွေဟာ မေမေရဲ့ အမှန်တကယ် အခြေအနေကို သိခွင့်ရှိတယ်။ မေမေ့မှာလဲ အမှန်တရား၊ လွတ်လပ်ခွင့်၊ လူ့ဂုဏ်သိက္ခာနဲ့ နေထိုင်ဖို့ အခွင့်အရေးရှိတယ်။ ဒီအခြေခံအခွင့်အရေးတွေကို ပိတ်ပင်ထားတာဟာ ငြင်းမရတဲ့ ရက်စက်မှုကြီး ဖြစ်တယ်။်ကျနော်ရဲ့ ဖိုးဖိုးက လွတ်လပ်ရေးရဖို့အတွက် သူရဲ့အသက်ကို စွန့်ခဲ့တယ်။ တိုင်းပြည်အတွက် ငြိမ်းချမ်းမှု၊ တိုးတက်မှု၊ တရားမျှတမှုနဲ့ ဒီမိုကရေစီ ရဖို့ကြိုးစားနေတဲ့ မေမေ့ကို မတရားဖမ်းဆီး ချုပ်နှောင်ထားတဲ့ ထောင်ထဲမှာ သေဆုံးသွားမှာ မဖြစ်စေချင်ဘူး” ဟု Kim Aris ခေါ် ကိုထိန်လင်းက ပြောဆိုသည်။

စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်ကို ဖမ်းဆီးချုပ်နှောင်ထားကာ မတရားပုဒ်မများဖြင့် နှစ်ရှည်ထောင်ဒဏ်များချမှတ်ခြင်း၊ ပြည်သူလူထု၏ လူမြင်ကွင်းမှ လူထုခေါင်းဆောင်များကို ဖျောက်ဖျက်ထားခြင်းများ လုပ်ဆောင်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article