26.3 C
Yangon

မင်းအောင်လှိုင် လာရန် ရှိနေ၍ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ၆၇ ရပ်ကွက်တွင် ပြည်သူ့ နေအိမ် ၂၀၀ ကျော်ကို ကျူးကျော်ဟုဆိုကာ စစ်တပ်နှင့်စည်ပင်က အတင်းအကျပ် ဖျက်သိမ်းခိုင်းပြီး ပြည်သူ ၁၀၀၀ နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၀

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ၆၇ ရပ်ကွက်တွင် အကြမ်းဖက် မင်းအောင်လှိုင် လာရောက်ရန်ရှိနေသဖြင့် ပြည်သူ့ နေအိမ် ၂၀၀ ကျော်ကို ကျူးကျော်ဟုဆိုကာ စစ်တပ်နှင့်စည်ပင်က အတင်းအကျပ် ဖျက်သိမ်းခိုင်းပြီး ပြည်သူ ၁၀၀၀ နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း အိမ်ဖျက်ခံလိုက်ရသော ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၅ ရက်နေ့ အကြမ်းဖက်စစ်တပ်နှင့်စည်ပင်က ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ၆၇ ရပ်ကွက်၊ ဧရာဝဏ်လမ်းမကြီးဘေးတွင် ရှိနေသော နေအိမ်များ၊ ဆိုင်ခန်းများကို ကျူးကျော်ဟုဆိုကာ ၃ ရက်အတွင်း ဖျက်သိမ်းခိုင်းကြောင်း၊ အကယ်၍ မဖျက်သိမ်းပါက အင်အားသုံး ဖယ်ရှားမည်ဆိုသဖြင့် ဒေသပြည်သူများမှာ ၃ ရက်အတွင်း မိမိတို့နေအိမ်၊ ဆိုင်ခန်းများကို ဖျက်သိမ်းကာ ပြောင်းရွှေ့ပေးရကြောင်း သိရှိရသည်။

“၃ ရက်အတွင်း ဧရာဝဏ်လမ်းမကြီးဘေးဝဲယာ နေအိမ်တွေ၊ ဆိုင်ခန်းတွေကို ကျူးကျော်ဆိုပြီး ဖယ်ခိုင်းတာ။ မဖယ်ရင် အင်အားသုံးမယ်၊ ဘူဒိုဇာနဲ့ ထိုးမယ်ဆိုလို့ ပြည်သူတွေလည်း ကိုယ့်အိမ်ကိုယ်ဖျက်ပြီး ပြောင်းပေးရတယ်။ အိမ်ခြေ ၂၀၀ ကျော်တယ်။ လူဦးရေ ၁၀၀၀ ကျော်လောက် အိုးမဲ့အိမ်မဲ့ဖြစ်တာပေါ့”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

မိုးတွင်းကာလဖြစ်၍ ဒေသပြည်သူများမှာ နေစရာ အခက်အခဲများ ကြုံတွေ့ရကြောင်း၊ မိုးကုန်မှ အိမ်ဖျက်ပေးရန် သက်ဆိုင် ရာ သို့ မေတ္တာရပ်ခံခဲ့သော်လည်း အတင်းအကျပ် ဖျက်သိမ်းခိုင်းခဲ့ကြောင်း သိရှိရသည်။

“အဲဒီမှာ နေကြတာက အခြေခံလူတန်းစားတွေ နယ်ပေါင်းစုံက လာကြတာပါ။ ဖျက်တဲ့အချိန်တောင် မိုးတွေကရွာ။ လူတွေက နေစရာမရှိ။ အကုန် တငိုငိုနဲ့ ကိုယ့်ပစ္စည်းလေးတွေ ဖယ်ကြ ပြုကြ။ အဖျက်ခံရတာက ၆၇ ရပ်ကွက် ချောင်းဘက်ခြမ်းတစ်ခြမ်းလုံးပါသွားတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တွင် စစ်မှုထမ်းအိမ်ရာများ အကောင်အထည် ဖော်ရန်၊ မြို့ပြဖွံ့ဖြိုးရေး ဆောင်ရွက်ရန် ညွှန်ကြားထားပြီး ယင်းစီမံကိန်းများ လာရောက် စစ်ဆေးရန် ရှိနေကြောင်း သိရှိရသည်။

“ဒီဘက်မှာ ဈေးသစ်ဖွင့်မယ်။ မင်းအောင်လှိုင်လာမယ်။ ဒီဘက်မှာ မြို့ပြစီမံကိန်းတွေ လုပ်ဖို့ရှိတယ်ဆိုပြီး သိရတယ်” ဟု ဒေသပြည်သူက ရှင်းပြသည်။

အကြမ်းဖက်စစ်တပ်က ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတစ်ဝန်းတွင် နေအိမ်များကို မြေများကို ကျူးကျော်ဟု ဆိုကာ သိမ်းဆည်းခြင်း၊ အဓမ္မ သိမ်းယူခြင်းများကို တောက်လျှောက်ဆိုသလို လုပ်ဆောင်ခဲ့သည်ကို မြင်တွေ့ရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article