ရန်ကုန်၊ စက်တင်ဘာ ၁၀
တရုတ်ပြန် မင်းအောင်လှိုင်က တရုတ်ကုမ္ပဏီများကို မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံရေး အထူးအခွင့်အရေးများပေးမည့် အစီအစဉ်များကို ရေးဆွဲတင်ပြရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများကို ညွှန်ကြားထားကြောင်း နေပြည်တော်စစ်ဘက်သတင်း ရင်းမြစ်က ပြောဆိုသည်။
ဩဂုတ်လ ၃၀ ရက်နေ့မှ စက်တင်ဘာလ ၆ ရက်နေ့အထိ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သော မင်းအောင်လှိုင်က တရုတ်မှ ပြန်လည် ရောက်ရှိလာပြီး တရုတ်ကုမ္ပဏီများကို ဆွဲဆောင်မည့် စီးပွားရေးဆိုင်ရာ အထူးအခွင့်အရေးများကို ရေးဆွဲ တင်ပြရန် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် စစ်ကော်မရှင်လက်အောက်ခံ ဌာနများကို ညွှန်ကြားကြောင်း သိရှိရသည်။
“အခွန်သက်သာခွင့်၊ မြေယာအတွက် ငှားရမ်းခွင့်၊ ကုန်ကြမ်းသွင်းကုန်တွေ တင်သွင်းခွင့်လို အထူးအခွင့်အရေးတွေ ပေးမယ့် သဘောမြင်ရပါတယ်။ ဒါပေမယ့် ရင်းနှီးမြှုပ်နှံမှု တိုက်ရိုက်ကိုတော့ တရုတ်ယွမ်ငွေနဲ့ ကျပ်ငွေ တိုက်ရိုက် ဖလှယ်လဲလှယ်လုပ်တာမျိုးဖြစ်လာနိုင်တယ်။ ငွေရေးကြေးရေး ကဏ္ဍမှာလည်း တရုတ်ယွမ်နဲ့ ကျပ်ငွေ တိုက်ရိုက် ပေးချေတာမျိုး၊ လဲလှယ်တာမျိုးတွေ အတွက် လိုအပ်တဲ့ အမိန့် ညွှန်ကြားချက်တွေ ထွက်လာမယ်လို့ မြင်ပါတယ်။ သေချာတာကတော့ တရုတ်လုပ်ငန်းတွေကို မြန်မာမှာ ရင်းနှီးမြှုပ်နှံရေး အထူးအခွင့်အရေးပေးဖို့ နဲ့ မကြာခင် တရုတ်ကို စီးပွားရေးဆိုင်ရာ အဖွဲ့ လွှတ်ပြီး ဖိတ်ခေါ်တာတွေ ထပ်ရှိလာဖို့ ရှိတယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက် မင်းအောင်လှိုင်က တရုတ်သို့ ရောက်ရှိခဲ့စဉ် တရုတ်လုပ်ငန်းရှင်များနှင့် စီးပွားရေးကုမ္ပဏီများအနေဖြင့် မြန်မာ နိုင်ငံတွင် ယုံယုံကြည်ကြည် ရင်းနှီးမြုပ်နှံကြရန်၊ နစ်နာမှုမရှိအောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
တရုတ်နိုင်ငံသို့ ရောက်ရှိစဉ် မင်းအောင်လှိုင်က တရုတ်နိုင်ငံ၏ ကုန်တွင်းပိုင်း ပင်လယ်ထွက်ပေါက်မရှိသည့် တောင်ပိုင်းပြည်နယ်များကို မြန်မာနိုင်ငံမှ တစ်ဆင့် ပင်လယ်ထွက်ပေါက် ပေးမည်ဖြစ်ကြောင်း၊ ကျောက်ဖြူ- ကူမင်း ရထားလမ်းစီမံကိန်းသည် တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်အဖြစ် ပုံပေါ်လာနိုင်မည့် အလားအလာရှီသော အခွင့်အလမ်းများရှိကြောင်း ပြောဆိုခဲ့သည်။
မင်းအောင်လှိုင် လက်ရှိ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ကျောက်ဖြူရေနက်ဆိပ် ကမ်း စီမံကိန်း၊ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း၊ ရေနံနှင့်သဘာ၀ဓာတ်ငွေ့ပိုက်လိုင်း စီမံ ကိန်းတို့ကို ပူးပေါင်းဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံသို့ တရုတ်လုပ်ငန်းရှင်များ ယုံယုံကြည်ကြည်လာရောက် ရင်းနှီးမြှုပ်နှံကြစေလိုကြောင်း အကြိမ်ကြိမ် ထုတ်ဖော်ပြောဆို ဖိတ်ခေါ်ခဲ့သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
