ရန်ကုန်၊ စက်တင်ဘာ ၁၀
ကချင်းပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ဦးသေဆုံးခဲ့ကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၉ ရက်နေ့တွင် ဖားကန့်မြို့နယ်ရှိ KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ထားသော ဖားကန့်မြို့နယ်၊ ရှရော်ခရွာရှိ ညောင်ပင်ကုန်းစခန်းကို လာရောက် တိုက်ခိုက်ခဲ့သော စစ်ကြောင်းကို KIA တပ်ဖွဲ့က မျှားခေါ်ပြီး ပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖားကန့်တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ် ဘက်မှ ၂၀ ဦး သေဆုံးကာ ကျန်ရှိနေသော စစ်သား ၁၀ ဦးခန့်သည် ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ သေဆုံးသွားသော စစ်သားအလောင်းများကို လက်ရှိအချိန်အထိ လာရောက် ကောက်ယူနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။
လက်ရှိအချိန်တွင် ရှရော်ခရွာအနီးရှိ ညောင်ပင်ကုန်းစခန်းအနီးတွင် တစ်နေကုန် တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“မနေ့က ဖားကန့်ဒေသ ညောင်ပင်ကုန်းစခန်းကို ချဥ်းကပ်လာတဲ့ စစ်ခွေးတွေကို လျှိုထဲကို မျှားခေါ်ပြီး ပိတ်ဆို့ တိုက်ခိုက်တာ စစ်ခွေး ၂၀ သေတယ်။ ၁၀ ကောင်လောက်က ဆုတ်ခွာထွက်ပြေးသွားတယ်။ စစ်ခွေးတွေက လေယာဥ်နဲ့ ၂ ကြိမ် ဗုံးလာကျဲတယ်။ အခုထိ အလောင်းကောက်မရသေးဘူး။ တနေကုန် တိုက်ပွဲပြင်းထန်နေတယ်” ဟု KIA ၏ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် လမြန်ရွာရှိ LBC ခရစ်ယာန်ဘုရားကျောင်း အနီးတဝိုက်တွင်လည်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးလာ၍ တိုက်ပွဲပြင်းနေကြောင်းသိရသည်။
ယနေ့ စက်တင်ဘာလ ၁၀ ရက်နေ့တွင် ဝိုင်းမော်မြို့နယ်ရှိ လမြန်ရွာ LBC ခရစ်ယာန်ဘုရားကျောင်း အနီးတဝိုက်ကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးလာ၍ KIA ပူးပေါင်း တပ်ဖွဲ့များနှင့် တနေကုန် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေယာဉ်ဖြင့် ၅ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် တိုက်ပွဲအတွင်း KIA ပူးပေါင်း တပ်ဖွဲ့က အကြမ်းဖက် စစ်တပ်၏ သံချပ်ကာကား ၁ စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။
“ဝိုင်းမော် လမြန်ရွာ LBC ခရစ်ယာန် ဘုရားကျောင်း တဝိုက်ကို စစ်ခွေးတွေ စစ်ကြောင်းထိုးလာလို့ တနေကုန် တိုက်ပွဲ ပြင်းထန်နေတယ်။ နောက်ပြီး စစ်ခွေးတွေက လေကြောင်းနဲ့ ပစ်ကူပေး တိုက်ခိုက်နေတာ ၅ ကြိမ်ရှိပြီး စစ်ခွေး သံချပ်ကာ ကား ၁ စီးကိုလည်း KIA ပူးပေါင်း တပ်ဖွဲ့က ဖျက်ဆီးနိုင်ခဲ့တယ်” ဟု KIA ၏ စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။
အကြမ်းဖက်စစ်တပ်က ကချင်ပြည်နယ်အတွင်းသို့ စစ်မှုထမ်းတပ်သားသစ်များ ထောင်ချီ စစ်ကြောင်းများခွဲ၍ စေလွှတ်နေသည့်အပြင် လေကြောင်းတိုက်ခိုက်မှုများကိုလည်း အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်လာကြောင်း စစ်ဘေးရှောင် ပြည်သူများက ပြောဆိုကြသည်။
ဓာတ်ပုံ – KIA က ဖျက်ဆီးရှင်းလဲ့သည့် စစ်တပ်၏ သံချပ်ကာ ၁ စီး။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
