26.5 C
Yangon

စစ်တပ်က ပျူစောထီး၊ ပြည်သူ့စစ်၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များအတွက် လစာနှင့်ထောက်ပံ့ကြေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ နယ်မြေခံတပ်များနှင့်ညှိနှိုင်းတိုင်ပင် ရန်ပုံငွေရှာ ရပ်တည်ခိုင်း

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၂

အကြမ်းဖက်စစ်တပ်က နိုင်ငံတစ်ဝန်းရှိ ပြည်သူ့စစ်များ၊ ပျူစောထီးများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များအတွက် လစာနှင့်ထောက်ပံ့ကြေး ပုံမှန်မပေးနိုင်တော့သဖြင့် သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ နယ်မြေခံတပ်များနှင့်ညှိနှိုင်းတိုင်ပင်ပြီး အဆင်ပြေသည့် နည်းလမ်းများဖြင့် ရန်ပုံငွေရှာရပ်တည်ခိုင်းနေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က ပြည်သူ့စစ်၊ ပျူစောထီးနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များ၏ ရိက္ခာနှင့် ရံဖန်ရံခါ ထောက်ပံ့ကြေးတချို့သာ ပေးအပ်နိုင်ပြီး လစဉ် လစာနှင့်ထောက်ပံ့ကြေးများကို မပေးနိုင်ကြောင်း၊ ထို့ကြောင့် မြို့နယ်၊ ရပ်ကွက်/ကျေးရွာများရှိ နယ်မြေခံ ပြည်သူ့စစ်များ၊ ပျူစောထီးများနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များ၏ လစာနှင့်ထောက်ပံ့ကြေးအတွက် သက်ဆိုင်ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များက တပ်နယ်မှူးများနှင့်တိုင်ပင်ကာ အဆင်ပြေသည့်နည်းလမ်းများဖြင့် ရန်ပုံငွေ ရှာ ရပ်တည်ခိုင်းထားကြောင်း သိရှိရသည်။

“ဒီ ၂၀၂၅ ခုနှစ် နှစ်စပိုင်းကတည်းက လစာနဲ့ထောက်ပံ့ကြေး မပေးတော့တာပါ။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေက ဆန်အိတ်နဲ့ ငရုတ်၊ ကြက်သွန် ဆီ ရိက္ခာခြောက်တွေ ရံဖန်ရံခါပေးတယ်။ လစဉ် လည်ပတ်မယ့် လစာနဲ့ ထောက်ပံ့ကြေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တွေကို အဓိက စီမံခိုင်းထားပါတယ်။ အဆင်ပြေတဲ့ နည်းလမ်းနဲ့ ရန်ပုံငွေရှာထောက်ပံ့ခိုင်းထားတယ်။ အဲဒါက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နှုတ်မိန့် ညွှန်ကြားထားတာပါ။ တပ်နယ်ရယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တွေရယ်၊ ပြည်သူ့စစ်နဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ တွေ အားလုံး ညှိနှိုင်းပြီး လည်ပတ်မယ့် ရန်ပုံငွေရှာခိုင်းတာ။ အခု အောက်ခြေမှာ ဖြစ်နေတဲ့ စစ်မှုထမ်းကြေးကောက်တာ၊ လူအရောင်းအဝယ်တွေဖြစ်နေတာ၊ လူဖမ်းဆီးပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေက အဲဒီလို လစာနဲ့ ထောက်ပံ့ကြေး မပေးနိုင်တာကို အဆင်ပြေအောင် ဖြေရှင်းနေတဲ့ နည်းလမ်းတွေဖြစ်လာတာ” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

နေပြည်တော်စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့၊ စစ်ရုံးတို့တွင် စစ်မှုထမ်းဆင့်ခေါ် ပေါ်တာဆွဲငွေညှစ်ခြင်း၊ စစ်မှုထမ်းကြေးကောက်ခံခြင်း၊ စစ်မှုထမ်းလူစားထိုး အရောင်းအဝယ် လုပ်ခြင်းများနှင့်ပတ်သက်ပြီး နေ့စဉ် တိုင်ကြားသည့် အမှုရာချီ၍ လက်ခံ ရရှိထားသော်လည်း ယင်းပြဿနာများကို ပြေလည်အောင် ဖြေရှင်းနိုင်ခြင်းမရှိကြောင်း၊ အဓိက အကြောင်းအရင်းမှာ မြေပြင်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် တပ်နယ်များက ပြည်သူ့စစ်၊ ပျူစောထီးနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များ လည်ပတ်နိုင်ရေးအတွက် ယင်းကဲ့သို့ နည်းလမ်းများ အသုံးပြု ငွေရှာနေခြင်းဖြစ်ကြောင်း သိရှိရသည်။

အခြားတစ်ဖက်တွင်လည်း ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များအတွက် လစာနှင့်ထောက်ပံ့ကြေးများကိုလည်း စစ်ကော်မရှင်က ပုံမှန် ပေးနိုင်တော့ခြင်းမရှိဘဲ သက်ဆိုင်ရာ တိုင်း/ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများက ဖြေရှင်းရန် တာဝန်အပြည့်ပေးအပ်ထားကြောင်း မရမ်းကုန်းမြို့နယ် ထွေ/အုပ်သတင်းရင်းမြစ်က ပြောဆိုသည်။

“ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို လစာ ၇၀၀၀၀ နဲ့ ရုံးစရိတ် ၅၀၀၀၀ လစဉ်ပေးတာရှိတယ်။ အဲဒါ စုစုပေါင်း ၁၂၀၀၀၀ ပေါ့။ အဲဒါက အရင်ပြဋ္ဌာန်းထားတဲ့ဥပဒေနဲ့ ပေးတာ။ ရတဲ့သူတွေလည်း အရင်ရှေ့မှာ ရတယ်။ အခုတော့ အဲဒါကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တွေကို စီမံပေးဖို့ တာဝန်အပြည့် လွှဲလိုက်ပြီ။ ကိုယ့်မြို့နယ်အတွင်း သက်ဆိုင်ရာ မြို့နယ်အဖွဲ့တွေကပဲ လစာနဲ့ ထောက်ပံ့ကြေးဖို့ စီမံခိုင်းတာ။ အဲဒီမှာ ဧည့်စာရင်းကြေး၊ ကင်းကြေးနဲ့ စစ်မှုထမ်းကြေးငွေတွေကောက်တာတွေလည်း ပါတယ်” ဟု မရမ်းကုန်းမြို့နယ်မှ ထွေ/အုပ်သတင်းရင်းမြစ်က ပြောဆိုသည်။

ယင်းအပြင် စစ်တပ်က ပျူစောထီးနှင့်ပြည်သူ့စစ် ယူနီဖောင်းများအတွက် သက်ဆိုင်ရာ နယ်မြေခံ တပ်ရင်းများနှင့်မြို့နယ်ထွေ/အုပ်များကို အကုန်ကျခံ ချုပ်လုပ်စေကာ လက်နက်ခဲယမ်းထုတ်ပေးမှုကိုမူ စစ်ဒေသ နယ်မြေမှူးများက အဓိက ဦးစီးကွပ်ကဲ ကြီးကြပ် ထုတ်ပေးရန် ညွှန်ကြားထားကြောင်း သိရှိရသည်။

ဓာတ်ပုံ – မန္တလေးမှ ပြည်သူ့စစ်နှင့်ပျူစောထီးများကို ကြံ့ဖွတ်ပါတီက အအေးဗူးများ လိုက်လံဝေငှစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မန္တလေးမှ ပြည်သူ့စစ်နှင့်ပျူစောထီးများကို ကြံ့ဖွတ်ပါတီက အအေးဗူးများ လိုက်လံဝေငှစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article