ရန်ကုန်၊ စက်တင်ဘာ ၁၂
ကရင်ပြည်နယ်၊ မြ၀တီမြို့သို့ စစ်တပ်စစ်ကြောင်းများ ဝင်ရောက်လာခဲ့ပြီးနောက် မြ၀တီမြို့တွင် ညပိုင်း လူငယ်တချို့ ပေါ်တာဆွဲ ဖမ်းဆီးခံရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ပထမအပတ်တွင် စစ်တပ်စစ်ကြောင်းများက မြ၀တီမြို့နယ်အတွင်းသို့ BGF ကရင်နယ်ခြားစောင့်တပ်များ၏ အကူအညီဖြင့် ဝင်ရောက်လာပြီးနောက် စစ်တပ်က ညပိုင်း လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်လာကြောင်း၊ ရက်ပိုင်းအတွင်း မြ၀တီမြို့မှ လူငယ် ၁၀ ဦးကျော်ခန့် ပေါ်တာဆွဲ ဖမ်ဆီးခံလိုက်ရပြီး တချို့သော လူငယ်များမှာ ပျောက်ဆုံး နေကြောင်း ဒေသပြည်သူများက ဆိုသည်။
“မြဝတီမှာ စစ်တပ်လည်းရောက်ပြီးတာနဲ့ ညပိုင်း ကင်းလှည့်ပြီး လူငယ်တွေ ဝင်ဆွဲတယ်။ အခုကတော့ လမ်းပေါ်တွေမှာပဲ ဆွဲတာ။ အိမ်တွေထဲအထိတော့မဝင်သေးဘူး။ အခုသိသလောက် ရက်ပိုင်းအတွင်းကို လူငယ် ၁၀ ဦးကျော် စစ်မှုထမ်းဖို့ ခေါ်ဆောင်ခံရတယ်။ မိဘတွေ လိုက်ရွေးကြတာလည်းမရဘူး။ လိုင်စင်မဲ့ကားတွေနဲ့ ညပိုင်း လိုက်ဆွဲတာ။ မိဘတွေကို ဖုန်းဆက်သွယ်တယ်။ စစ်မှုထမ်းရမယ်၊ လိုင်းပေါ် သတင်းမတင်ဖို့၊ တင်ရင် ကလေးအသက် အာမမခံဘူးဆိုတာမျိုး အသိပေးတယ်” ဟု မြ၀တီမြို့ခံတစ်ဦးက ပြောဆိုသည်။
အလားတူ စက်တင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်း မြ၀တီမြို့၊ အမှတ်၂ ကျွန်းတောမြို့ပတ်လမ်းတွင် နေထိုင်သော အသက် ၁၇ နှစ်အရွယ် မောင်ဇေယျာမောင်ကို ကားတစ်စီးက အတင်းဆွဲတင်သွားကြောင်း၊ မောင်ဇေယျာမောင်၏ သူငယ်ချင်းမှာမူ ထွက်ပြေးသဖြင့် လွတ်မြောက်လာခဲ့ပြီး မောင်ဇေယျာမောင်ကို ကားတစ်စီးက အတင်းအကျပ် ဆွဲခေါ်သွားသည်ကို မိဘများထံသို့ အသိပေးအကြောင်းကြားခဲ့ကြောင်း သိရှိရသည်။
“သူ့အမေလည်း ငိုလို့ နှလုံး ရောဂါ ရနေပါပြီး။သူ့အသိတွေ ပြောတာတော့ အဲဒီညဘက် သူတို့သူငယ်ချင်း၃ယောက် လမ်းလျောက်လာတာ ။ အမှာင်ထဲ ကားတစီးရပ်ထားတယ် ၂ယောက်ဆွဲတင်သွားတာ သူပါသွားတယ်တဲ့ အ့ထဲက လွတ်လာသူ ကောင်လေးက သူ့အမေ အိမ်ကိုလာပြောပြသွားတယ် သူတောင် ပြေးလို့ လွတ်လာတာတဲ့။ သူ့အမေ အရူးလို ဖြစ်နေလို့ပါ တစ်ချက်ကူညီကြပါဦး။ မြဝတီမြို့မှာ တော်တော်အခြေနေဆိုးနေပါပြီလားနော်”ဟု ဖမ်းဆီးခံလိုက်ရပြီး ပျောက်ဆုံးနေသော မောင်ဇေယျာမောင်၏ ဆွေမျိုးတစ်ဦးက လူပျောက်ကြော်ငြာနှင့်အတူ လူမှုကွန်ရက်တွင် အကူအညီတောင်းခံထားသည်။
စစ်တပ်က မြ၀တီမြို့သို့ ဝင်ရောက်လာပြီးနောက် တစ်မြို့လုံးတွင် အင်အား အလုံးအရင်း ဖြန့်ကျက်ထားပြီး အမှတ် ၁ တံတား အပါအဝင် မြ၀တီမြို့၏ အချက်အချာကျ နေရာများအားလုံးကို စစ်တပ်က ထိန်းချုပ်ကာ ကရင်နယ်ခြားစောင့်တပ် BGF ကို ဖယ်ရှားလိုက်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
