30.7 C
Yangon

KIA ထံမှ အိန္ဒိယက မြေရှားသတ္တုဝယ်ယူရန် ကြိုးစားနေသည်ဆိုသော သတင်းမှာ မှန်ကန်မှုမရှိဘဲ အမေရိကန်နှင့်တရုတ်၊ တရုတ်နှင့်အိန္ဒိယအကြား ကစားရန် သတင်းများ ထုတ်လွှင့်နေပုံရဟု KIO ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူ ပြောဆို

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၃

မြန်မာနိုင်ငံမြောက်ပိုင်းရှိ KIA ထိန်းချုပ်ထားသော ကချင်ပြည်နယ်အတွင်းမှ မြေရှားသတ္တုကို အိန္ဒိယအစိုးရက ဝယ်ယူရန် ကြိုးစားနေသည်ဆိုသော သတင်းများမှာ မှန်ကန်မှုမရှိဘဲ မည်သည့်ဆက်သွယ်မှုမှ မရှိကြောင်း KIO ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အိန္ဒိယအစိုးရက မြန်မာနိုင်ငံမြောက်ပိုင်းရှိ KIA ထိန်းချုပ်ဒေသများမှ မြေရှားသတ္တုရယူနိုင်ရေး ထိတွေ့ဆက်ဆံ ဆွေးနွေးနေကြောင်း ရိုက်တာသတင်းဌာနက စက်တင်ဘာလ ၁၀ ရက်နေ့တွင် သတင်းဖော်ပြခဲ့သည်။

ရိုက်တာသတင်းတစ်ရပ်တွင် အိန္ဒိယအစိုးရက KIA ထံမှ မြေရှားပါးနမူနာများ ရယူရန် လုပ်ဆောင်နေပြီး တရုတ်က ထိန်းချုပ်ထားသော မြန်မာ့သယံဇာတစျေးကွက်အတွင်းသို့ အိန္ဒိယက ဝင်ရောက်လာကြောင်း သတင်းဖော်ပြခဲ့သည်။

ဆက်လက်၍ ရိုက်တာသတင်းတွင်ပင် အိန္ဒိယ သတ္တုတွင်း ဝန်ကြီးဌာနက KIA ထိန်းချုပ်မှုအောက်တွင်ရှိသော မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းရှိ မြေရှားသတ္တုနမူနာများ စုဆောင်းသယ်ယူ ပို့ဆောင်ရန် အိန္ဒိယအစိုးရပိုင် IRELနှင့် ပုဂ္ဂလိက Midwest Advanced Materials သတ္တူးဖော်ရေးကုမ္ပဏီများထံသို့ တောင်းဆိုခဲ့ကြောင်း၊ အိန္ဒိယအစိုးရပိုင် သတ္တုတွင်းလုပ်ငန်း IREL နှင့် ပုဂ္ဂလိကကုမ္ပဏီ Midwest Advanced Materials တို့မှာ မြေရှားသတ္တများ စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးအတွက် အိန္ဒိယအစိုးရထံမှ ဘတ်ဂျက်များရယူထားကြောင်း၊ KIA မှ ရရှိသည့် မြေရှားသတ္တုနမူနာကို အိန္ဒိယအစိုးရက ပြည်တွင်းဓာတ်ခွဲခန်းတွင် စမ်းသပ်ရန် မျှော်လင့်ထားပြီး မြေရှားသတ္တုပမာဏ အလုံအလောက်ပါဝင်ခြင်း ရှိ၊ မရှိ ဆန်းစစ်မည်ဖြစ်ကြောင်း သတင်းဖော်ပြခဲ့သည်။

KIA အနေဖြင့်မူ မြေရှားသတ္တုဝယ်ယူရန် အိန္ဒိယက ဆက်သွယ်သည်ဆိုသော သတင်းများမှာ မှန်ကန်မှုမရှိဘဲ မည်သူကမှ ဆက်သွယ်ခြင်းမရှိကြောင်း၊ အဆိုပါသတင်းများမှာ တရုတ်နှင့်အမေရိကန်၊ တရုတ်နှင့် အိန္ဒိယအကြား ကစားရန် ထုတ်လွှင့်နေသည့် သတင်းများဖြစ်နိုင်ကြောင်း ဗိုလ်မှူးကြီး နော်ဘူက ပြောဆိုသည်။

“ကျနော်တို့ဆီက ဘယ်သူကမှ ဆက်သွယ်တာမရှိပါဘူး။ အိန္ဒိယက ဆက်သွယ်တယ်ဆိုတာ မဟုတ်ပါဘူး။ တရုတ်နဲ့ အိန္ဒိယ၊ တရုတ်နဲ့အမေရိကန်ကြားမှာ ကစားဖို့ သတင်းထုတ်တာမျိုးထင်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။

လက်ရှိ ပန်ဝါဘက်တွင် မြေရှားသတ္တုတူးဖော်ရေး လုပ်ကွက်အဟောင်းများကို ယခင်က တူးဖော်နေသော တရုတ်ကုမ္ပဏီများကို ဆက်လက် တူးဖော်ခွင့်ပြုထားပြီး မြေရှားသတ္တုတူးဖော်ရေးလုပ်ကွက်အသစ်များကို ခွင့်ပြုထားခြင်းမရှိကြောင်း၊ မြေရှားသတ္တုအတွက်လည်း တရုတ်နှင့်လည်း ဆွေးနွေးမှု တစ်စုံတစ်ရာမရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ထို့ပြင် KIA ထိန်းချုပ်ထားသော ကချင်ပြည်နယ်နှင့်ထိစပ်လျက်ရှိသော တရုတ်နိုင်ငံ နယ်စပ်ဂိတ်များမှာလည်း တရုတ်အစိုးရက ဆက်လက် ပိတ်ပင်ထားဆဲဖြစ်ကြောင်း၊ မည်သည့်ကုန်သွယ်ရေးမှ တရားဝင် လည်ပတ်နိုင်ခြင်းမရှိသေးကြောင်း ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article