27 C
Yangon

ပုလဲတွင် ပျူစောထီးများက ကျေးရွာထဲမှ ပြည်သူပိုင် ပစ္စည်းအားလုံးကို စိတ်ကြိုက်ခိုးယူသွား၊ ဝက်လက်မှ ဆန်တက်လာသော စစ်သင်္ဘောများ စဉ့်ကူးမြို့နယ်ထဲသို့ ရောက်ရှိနေ

Must read

ရန်ကုန်၊ ဇူလိုင် ၅

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးရွာမှ ပျူစောထီးများက လှည်းများဖြင့် မင်းတိုင်ပင်ကျေးရွာရှိ ပြည်သူ့နေအိမ်များကို ဝင်ရောက်မွှေနှောက်ကာ ထိုင်ခုံနှင့် အိမ်အသုံးအဆောင်ပစ္စည်းများကို လုယက်ခိုးယူသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ပုလဲမြို့နယ်၊ အင်မထီးပျူစောထီးကျေးရွာမှ အကြမ်းဖက် စစ်တပ်လက်အောက်ခံ ပျူစောထီးများသည် လှည်းအစီးရေ ၃၀ ခန့်ဖြင့် မင်းတိုင်ပင်ကျေးရွာအတွင်းသို့ စီးနင်းဝင်ရောက်ခဲ့ပြီး၊ ကျေးရွာအတွင်းရှိ ပြည်သူပိုင် စားသောက်ကုန် ရိက္ခာများအပြင် လူမရှိသည့် နေအိမ်များအတွင်းမှ သုံးလို့ရသည့် အိမ်အသုံးအဆောင် ပစ္စည်းများ ထိုင်ခုံများကိုပါ လှည်းများပေါ်တင်ကာ အတင်းအဓမ္မ လုယက်ခိုးယူသွားကြောင်း သိရှိရသည်။

ထိုသို့ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူသယ်ဆောင်ပြီးနောက် ပျူစောထီးများသည် ကျောက်ဖျာကန်ကျေးရွာ လမ်းကြောင်းအတိုင်း ထွက်ခွာလာခဲ့ပြီး၊ ကျောက်ဖျာကန်ကျေးရွာအတွင်း၌လည်း အင်မထီးပျူရွာအတွက် ရိက္ခာများကို ထပ်မံဝယ်ယူစုဆောင်းကာ ယင်းနေ့ ညနေပိုင်းတွင် အင်မထီးပျူစောထီးကျေးရွာအတွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့ကြောင်း သိရသည်။

“အင်မထီးရွာက ပျူစောထီးတွေက လှည်းအစီး ၃၀ နဲ့ မင်းတိုင်ပင်ရွာထဲကို ဝင်လာတာ။ မင်းတိုင်ပင်ရွာထဲက အိမ်တွေကနေ ထိုင်ခုံတွေအပါအဝင် အိမ်သုံးပစ္စည်းတွေ သယ်ယူသွားတယ်လို့ သိရတယ်။ စားသောက်ကုန်အပါအဝင် လူမရှိတဲ့အိမ်တွေက သုံးလို့ရတဲ့ အိမ်အသုံးအဆောင်တွေပါ သယ်ယူသွားကြတာ။ ကျောက်ဖျာကန်ရွာကနေလည်း ဈေးဝယ်သွားကြသေးတယ်။ အင်မထီးပျူရွာအတွက် ရိက္ခာကို ကျောက်ဖျာကန်ရွာကနေ ဝယ်နေကြတာလည်း သိရတယ်။ ရွာထဲက ပြည်သူတွေပိုင် ပစ္စည်းတွေကိုတော့ လှည်းတွေနဲ့ တိုက်ပြီး အဲ့ဒီနေ့ ညနေပိုင်းမှာပဲ အင်မထီးရွာထဲကို ပြန်ဝင်သွားကြတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများသည် ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်မွှေနှောက်ကာ ပြည်သူပိုင်ပစ္စည်းများကို ဆက်တိုက် ခိုးယူလုယက်ခြင်း၊ အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများ သယ်ယူရသည့် လမ်းကြောင်းများကို တားဆီးပိတ်ဆို့ဖြတ်တောက်ခြင်းများ ပြုလုပ်နေသောကြောင့် ဒေသတွင်း စစ်ဘေးရှောင်နေရသည့် ပြည်သူများမှာ စားနပ်ရိက္ခာပြတ်လပ်မည့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ဘက်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စုသည် စဉ့်ကူးမြို့နယ်အတွင်းသို့ ရောက်ရှိလာကြောင်း Wetlet Informational Network ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။

ယနေ့ ဇူလိုင်လ ၅ ရက်နေ့တွင် ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ ရှိမ်းမကားကျေးရွာအနီး ကျောက်ချရပ်နားထားသည့် အကြမ်းဖက် စစ်တပ်၏ ကမ်းထိုးရေယာဉ် ၁ စီးနှင့် တိုက်ခိုက်ရေးရေယာဉ် ၁ စီးသည် မြစ်ကြောင်းအတိုင်း အထက်သို့ ဆန်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ရေယာဉ်များသည် စဉ့်ကူးမြို့နယ်၊ ကြက်တူရွေးကျေးရွာ အနောက်ဘက်နှင့် အရှေ့ဘက် မြစ်ကြောင်းအတိုင်း ဆက်လက် ဆန်တက်လာခဲ့ပြီးနောက် စဉ့်ကူးမြို့နယ်တောင်ခြမ်းရှိ ထုံးကြီးရွာ အနောက်ဘက်ကို ရောက်ရှိနေကြောင်း၊ လက်ရှိချိန်တွင် စစ်သင်္ဘော ၂ စီးသည် ရပ်တန့်ထားပြီး မည်သည့် နေရာကို ဆက်လက် ထွက်ခွာမည်ကို စောင့်ကြည့်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article