ယနေ့ စက်တင်ဘာလ ၁၅ ရက်နေ့ ကျရောက်သည့် နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ ၏ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက အထက်ပါအတိုင်း သတိပေးလိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီအရေးလှုပ်ရှားမှုများသည် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် တိုက်ရိုက် ဆက်နွယ်ပေါ်ပေါက်လာကြောင်း၊ လက်ရှိနွေဦးတော်လှန်ရေးသည် ဒီမိုကရေစီအရေးသက်သက်သာ မဟုတ်ဘဲ ဖက်ဒရယ်အရေးအတွက်ပါ တော်လှန်တိုက်ပွဲဝင်သည့် လူထုတော်လှန်ရေးဖြစ်ကြောင်း၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အစားထိုး တည်ဆောက်နိုင်ခြင်းက ဖြတ်သန်းနေသည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းခြင်းမရှိဘဲ ဒီမိုကရေစီအခွင့်အရေး အပြည့်အ၀ မရနိုင်ကြောင်း နိုင်ငံတော်ယာယီသမ္မတက သတိပေးသည်
“စစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်း ပ,ပျောက်အောင် မလုပ်နိုင်ဘူးဆိုရင်၊ ဒီမိုကရေစီအခွင့်အရေးတွေကို အပြည့်အဝ မရရှိနိုင်ဘူးလို့ ပြောနိုင်ပါတယ်။ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေသရွေ့၊ ပြည်သူ့လွတ်လပ်ခွင့် ပျောက်ဆုံးနေလိမ့်မယ်လို့ ပြောနိုင်ပါတယ်။ စစ်အာဏာရှင်စနစ် အသက်ဝင်နေသရွေ့၊ ပြည်သူတွေဟာ တရားမျှတမှုကိုလည်း မရရှိနိုင်သလို၊ တန်းတူညီမျှမှုနဲ့ လူ့အခွင့်အရေးကိုလည်း ရရှိနိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဒီမိုကရေစီဖြစ်ထွန်းရေးဟာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ တိုက်ရိုက်ဆက်စပ်နေ တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးကို အောင်အောင်မြင်မြင် မလုပ်ဆောင်နိုင်ဘဲ၊ ဒီမိုကရေစီစနစ် ဖြစ်ထွန်းအောင် လုပ်ဆောင်နိုင်မှာ မဟုတ်ဘူးဆိုတာ ထင်ရှားတဲ့ အချက်ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် စစ်တပ်က ခေါင်းစဉ်အမျိုးမျိုးပြောင်း၍ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရန် လုပ်ဆောင်နေကြောင်း၊ စစ်တပ်၏ ရွေးကောက်ပွဲမှာ လူထုကို လှည့်ဖြားနေသည့် နိုင်ငံရေးလှည့်ကွက်သာဖြစ်ကြောင်း ၎င်းက ဆက်လက် သတိပေးသည်။
“အခုဆိုရင် စစ်အာဏာရှင်စနစ်ကို ခေါင်းစဉ်အမျိုးမျိုးပြောင်းပြီး သက်ဆိုးရှည်အောင် လုပ်နေတဲ့ အကြမ်းဖက်စစ်ကော်မရှင်အနေနဲ့ အတုအယောင်ရွေးကောက်ပွဲကို လုပ်ဆောင်ဖို့ ကြိုးစားနေပါတယ်။ စစ်ကော်မရှင်ဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ဒီမိုကရေစီရွေးကောက်ပွဲကို အတုအယောင်ရွေးကောက် ပွဲနဲ့ ပုံမှားရိုက်ဖို့ ကြိုးစားနေပါတယ်။ ပြည်တွင်းအင်အားစုတချို့ကလည်း အတုအယောင်ရွေးကောက်ပွဲ မှန်းသိပေမယ့်၊ ဒါဟာ အဖြေရဲ့ လမ်းစများဖြစ်မလားဆိုပြီး မျှော်ကိုးနေတာကို တွေ့ရပါတယ်။ ဒီလို မျှော်ကိုးမှုဟာ လူထုရဲ့ ဒီမိုကရေစီအခွင့်အရေးအတွက်လား၊ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် ဝိုင်းဝန်းချီးမြှောက်နေခြင်းလားဆိုတာလည်း မသဲမကွဲဖြစ်နေပါတယ်။ ကျနော်တို့အနေနဲ့ လူထုကို လှည့်ဖြားတဲ့ မည်သည့်နိုင်ငံရေးလှည့်ကွက်မျိုးကိုမဆို၊ ကန့်ကွက်ရှုတ်ချကြောင်း ပြောကြားလိုပါတယ်။ စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲဟာ ပြည်သူလူထုရဲ့ ထွက်ပေါက် မဟုတ်ဘဲ စစ်အာဏာရှင် ခေါင်းဆောင်တွေရဲ့ နိုင်ငံရေးထွက်ပေါက် ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေ အသက်ရှုပေါက်ချောင်လေလေ၊ ပြည်သူလူထုဟာ အသက်ရှုကြပ်လေလေ ဖြစ်ပါတယ်” ဟု ယာယီသမ္မတ ဒူဝါ လရှီးလက ဆိုသည်။
နွေဦးတော်လှန်ရေးသည် ကတ္တီပါလမ်းကို ဖြတ်လျှောက်နေသည့် တော်လှန်ရေးမဟုတ်ကြောင်း၊ ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီစနစ်ကို အောင်မြင်စွာ ထူထောင်နိုင်ရန် တိုက်ပွဲဝင်နေသည့် တော်လှန်ရေးဖြစ်ကြောင်း၊ လက်ရှိတွင် ခရီးကြမ်းကို ဖြတ်သန်းနေရကြောင်း သမ္မတက ရှင်းပြသည်။
“နွေဦးတော်လှန်ရေးဟာ ကတ္တီပါလမ်းကို ဖြတ်လျှောက်နေတဲ့ တော်လှန်ရေး မဟုတ်ဘူးဆိုတာကို ပြောကြားချင်ပါတယ်။ နွေဦးတော်လှန်ရေးဟာ ဖက်ဒရယ်စနစ်နဲ့ ဒီမိုကရေစီစနစ်ကို အောင်မြင်စွာ ထူထောင်နိုင်ဖို့ တိုက်ပွဲဝင်တဲ့ တော်လှန်ရေးဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ခရီးကြမ်းကိုလည်း ဖြတ်သန်းနေရသလို၊ အချိုးအကွေ့တွေကိုလည်း ဖြတ်သန်းနေကြ ရပါတယ်။ ဒါ့အပြင် နိုင်ငံရေးမိုးသက်မုန်တိုင်းတွေနဲ့ နိုင်ငံရေးချောက်ကမ်းပါးတွေကိုလည်း ကျော်ဖြတ် နေရပါတယ်။ လက်ရှိ ၂၀၂၅ ခုနှစ်ဟာ ပိုမိုအကဲဆတ်တဲ့ နိုင်ငံရေးမုန်တိုင်းတွေနဲ့ ကြုံတွေ့ရတဲ့ နှစ်တစ်နှစ်အဖြစ် သတ်မှတ်နိုင်ပါတယ်။ ဒါပေမယ့် နွေဦးတော်လှန်ရေးဟာ အနိမ့်အမြင့်၊ အတက်အကျ တွေကြားထဲမှာ ပန်းတိုင်ကို မမှိတ်မသုန် ချီတက်နေပါတယ်။ ကျွန်တော်တို့ဟာ နည်းဗျူဟာ အပြောင်းအလဲနဲ့ မဟာဗျူဟာ အလှည့်အပြောင်းတွေကို ပြောင်းလဲကျင့်သုံးမှုတချို့ ရှိပေမယ့် မူလပန်းတိုင်နဲ့ မူလရည်မှန်းချက်ကို ဘယ်သောအခါမှ သွေဖည်ခြင်းမရှိဘူးဆိုတာ ပြောကြားလို ပါတယ်။ နွေဦးတော်လှန်ရေးဟာ ရှေ့နှစ်လှမ်းတိုး – နောက်တစ်လှမ်းဆုတ် ပုံစံမျိုးနဲ့ တရွေ့ရွေ့ ရှေ့ကို ချီတက်နေပါတယ်။ အဲသည့်အတွက် ကျွန်တော်တို့ဟာ အနှောက်အယှက်၊ အဟန့်အတားတွေကို မမှုဘဲ ဆက်လက်ချီတက်တိုက်ပွဲဝင်နိုင်အောင်၊ မိမိတို့ တော်လှန်ရေးသက်လုံနဲ့ နိုင်ငံရေးကိုယ်ခံအားကို မြှင့်တင်ထားကြဖို့” ဟု သမ္မတက တိုက်တွန်းသွားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
