26.1 C
Yangon

ပေါက်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံး ၃၀ ကျော် ကျဲချ တိုက်ခိုက်၊ တောင်သာတွင်လည်း စစ်တပ်က လက်နက်ကြီးများဖြင့် ကျေးရွာများကို ပစ်ခတ်နေ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၅

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံး ၃၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်မှ ၈ နာရီထိ အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပေါက်မြို့နယ် အနောက်မြောက်ခြမ်းရှိ ကျေးရွာများကို Y-12 လေယာဉ်ဖြင့် ဗုံး ၃၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ လေကြောင်း တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်လာမည်ကို စိုးရိမ်၍ ပြည်သူများ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ဗုံးကျဲသွားတာကတော့ အလုံး ၃၀ ကျော်တယ်။ နံနက် ၇ နာရီ ခွဲလောက်ကနေ စပြီး ဆက်တိုက်ကျဲချ တိုက်ခိုက်သွားတယ်။ ပြည်သူတွေနဲ့ အဆက်အသွယ် ပြတ်တောက်နေလို့ ပြည်သူတွေ ထိခိုက်မှုရှိမရှိကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ တောင်သာမြို့နယ်၊ ရုံးစည်ကြီးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကလည်း ကျေးရွာများကို လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၁၅ ရက်နေ့ ညပိုင်းက စတင်ပြီး တောင်သာမြို့နယ်၊ ရုံးစည်းကြီးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ကျေးရွာ အနောက်မြောက်ဘက်ရှိ နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ လက်နက်ကြီး ကျရောက် ပေါက်ကွဲသည့် နေရာများကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ပြည်သူများ ထိခိုက်မှုရှိမရှိကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“ရုံးစည်းကြီးရွာမှာ တပ်စွဲထားတဲ့ စစ်ခွေးတွေက လက်နက်ကြီးတွေနဲ့ ရမ်းပစ်နေတယ်။ ဘယ်နေရာတွေကို ကျရောက်ပေါက်ကွဲလည်းဆိုတာတော့ အတည်မပြုနိုင်သေးဘူး။ ပြည်သူတွေထိခိုက်မှုရှိမရှိကို ဆက်လက် စုံစမ်းနေပါတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က ထိုသို့ လက်နက်ကြီးများဖြင့် ဆက်တိုက် ရမ်းသမ်း ပစ်ခတ်နေ၍ ပြည်သူများအနေဖြင့် ဗုံးခိုကျင်းများတွင် နေထိုင်ကြရန် တော်လှန်ရေးအင်အားစုများက အသိပေး ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article