26.1 C
Yangon

မင်းအောင်လှိုင်က ညိုစောကို ၎င်း၏ ကိုယ်စား အာဆီယံ-တရုတ်စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ထိပ်သီးဖိုရမ်သို့ တက်ရောက်ရန် စေလွှတ်သော်လည်း MAI အထူးလေယာဉ်ကို ပေးမသုံးဘဲ စစ်တပ် Fokker 70 လေယာဉ်ဖြင့်သာ သွားခိုင်း

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၆

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်း၏ ကိုယ်စား ညိုစောကို အာဆီယံ-တရုတ်စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ထိပ်သီးဖိုရမ်သို့ တက်ရောက်ရန် စေလွှတ်ခဲ့သော်လည်း ၎င်းနှင့်မိသားစု သီးသန့်အသုံးပြုနေသည့် MAI အထူးလေယာဉ်ကို ပေးမသုံးဘဲ Fokker 70 လေယာဉ်ဖြင့်သာ တရုတ်သို့ သွားခိုင်းကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

စက်တင်ဘာလ ၁၄ ရက်နေ့တွင် ညိုစောက မင်းအောင်လှိုင်ကိုယ်စား ၂၂ ကြိမ် မြောက် တရုတ်-အာဆီယံ ကုန် စည်ပြပွဲနှင့် တရုတ်-အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးဖိုရမ်သို့ တက်ရောက်ရန် နေပြည်တော်မှ တရုတ်နိုင်ငံ၊ နန်နင်းမြို့သို့ ထွက်ခွာခဲ့ပြီး စစ်တပ်၏ Fokker 70 လေယာဉ်ကိုသာ အသုံးပြုသွားလာခဲ့ရသည်။

“ဦးညိုစော ခရီးစဉ်ကို တပ်မတော်လေယာဉ် Fokker 70 ပဲသုံးခွင့်ပေးတယ်။ တပ်ချုပ်တို့ သုံးနေတဲ့ MAI အထူးလေယာဉ် ပေးမသုံးဘူး။ Fokker 70 က ခရီးတို ထိုင်းလောက်ဆိုရင်တော့ သိပ်မပင်ပန်းပေမယ့် ရန်ကုန်-နန်နင်းလို ခရီးဝေးပျံသန်းတဲ့ ခရီးစဉ်၊ ၆ နာရီလောက် သွားရတဲ့ ခရီးစဉ်ကျတော့ Fokker 70 လေယာဉ်က ဘယ်လိုမှ သက်တောင့်သက်သာမဖြစ်ဘူး။ နောက်တစ်ခုကတော့ Safety ပိုင်းပေါ့။ အဲဒါကလည်း MAI အထူးလေယာဉ်ကတော့ Fokker 70 လေယာဉ်ထက်ပိုပြီးတော့ ခရီးဝေးပျံသန်းတာမှာ Safe ဖြစ်တယ်။ ဒါပေမယ့်လည်း တပ်ချုပ်က သူကိုယ်တိုင်သာသွားရင် MAI အထူးလေယာဉ် သုံးပေမယ့် ဦးညိုစောကိုတော့ အထူးလေယာဉ် ပေးမသုံးဘူး။ ဒါကလည်း ထူးခြားမှုပေါ့။ MAI အထူးလေယာဉ်ကို သူနဲ့ သူ့မိသားစု ခရီးစဉ်အတွက် သီးသန့်သုံးတဲ့ Air Force One ပုံစံမျိုးလို့ ပြောလို့ရတယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

မင်းအောင်လှိုင်က ညိုစောကို ဇူလိုင်လ ၃၁ ရက်နေ့တွင် အစိုးရဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပြီး ညိုစောက မင်းအောင်လှိုင်ကို နိုင်ငံတော်အကြီးအကဲဟု အစိုးရအဖွဲ့အစည်းအဝေးများတွင် ပြောဆိုသုံးနှုန်းရသည်။

မင်းအောင်လှိုင်က ယခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ တွင် သူနှင့်သူ့မိသားစု သီးသန့် အသုံးပြုရန် အမေရိကန်နိုင်ငံ၊ AVIATION CAPITAL GROUP ထံမှ ငှားရမ်းတင်သွင်းထားသည့် Airbus အမျိုးအစား A319-115 (MSN 5193) လေယာဉ် XY-ALK ကို အပြီးအပြတ် ဝယ်ယူခဲ့ပြီး မင်းအောင်လှိုင်နှင့်မိသားစု၏ ပြည်ပခရီးစဉ်များတွင် အသုံးပြုရန် ယင်းလေယာဉ်ကို MAI က အမည်ခံပေးထားရသည်။

မင်းအောင်လှိုင်က ၎င်းတို့အတွက် ဝယ်ယူထားသော MAI အထူးလေယာဉ်၏ အတွင်းခန်းများကိုပါ ၎င်း၏ စိတ်ကြိုက် ပြင်ဆင်ထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article