တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်အတွင်းတွင် အကြမ်းဖက်စစ်လှေများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
စက်တင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်အချိန် ခမောက်ကြီးမြို့နယ် ခမောက်ငယ် (ယုဇန ဆီ အုန်းပျိုးခင်း) သို့ ရောက်ရှိနေသော စစ်သား အင်အား ၁၀၀ ခန့်မှ ထုတ်နှုတ်အင်အား ၃၀ ကျော်ခန့် သည် ခမောက်ငယ်ကျေးရွာဘက်သို့ ရေလမ်းမှ လှေငယ် ၂ စီးဖြင့် စစ်ကြောင်း ထိုးဝင်ရောက်လာ သောကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ စက်လှေတစ်စီးနစ်မြုပ်သွားပြီး စစ်သားအများအပြားသေဆုံးခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် ခမောက်ငယ်ရွာ (ယုဇန ဆီအုန်း ပျိုးခင်း) ၌ ကျန်ခဲ့သော နောက်ချန် စစ်သားများက ၁၂၀ မမ၊ ၈၁ မမ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ကူပေး တိုက်ခိုက်သော် လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။
အလားတူ စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၈ နာရီ ၂၀ မိနစ်အချိန်တွင် ၁ ကြိမ်၊ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် ၁ ကြိမ် ကော့သောင်းမြို့မှ စစ်ကူပေးရန် စက်လှေ ၂ စီးဖြင့် ထွက်လာသော အင်အား ၅၀ ခန့်ရှိ စစ်ကြောင်း ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကော့သောင်းမြို့နယ် ၊မလိဝမ်းကျေးရွာ၊ ဆယ်အိမ်စု အနီးတွင် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၃ နာရီခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း၌ အကြမ်းဖက်စစ်သား အများအပြား သေဆုံးဒဏ်ရာရရှိပြီး လက်နက်ကြီး ပစ် ကူ အဆက် မပြတ်လုပ်ဆောင်ခဲ့ကြောင်း၊ သေဆုံးဒဏ်ရာရ စစ်သားများကို သယ်ဆောင်ကာ ကော့သောင်း ဘက်သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။
“ဘယ်လောက်သေတယ်ဆိုတာကတော့ အတိအကျ မသိရဘူးဖြစ်နေတယ်၊ အတော်များများတော့ သေတယ်။ ဒဏ်ရာလည်းအတော်များများ ရတယ်။ အဲဒီထဲမှာ အရာရှိတွေလည်းပါတယ်။ နယ်မြေ ရှင်းတဲ့အချိန်မှာ အလောင်းကလည်း လေးငါးခြောက်လောင်းတွေ့ရတယ်။ ယူနီဖောင်းတွေလည်း တွေ့ရတယ်။ ရေထဲမှာ။ ကော့သောင်း၊ခမောက်ကြီးဘက်က စခတပ်ထဲမှာနာရေးတွေတော့ အဆက် မပြတ်လုပ်နေတယ်လို့ သိရတယ်။ ဘုန်းကြီး တွေလည်းမနားရဘူးဆိုပြီး သတင်းရတယ်။ ဒဏ်ရာရတဲ့ သူတွေကိုလည်း ထိုင်းဘက်ခြမ်း၊ ရနောင်းဆေးရုံကိုလည်း တင်ထားတာရှိတယ်။ ကော့သောင်းဆေး ရုံမှာလည်း ဒဏ်ရာရစခတွေကုတာရှိတယ်။ ဆေးရုံရောက်ခါမှ သေတာတွေလည်းရှိတယ်။” ဟု ကော့သောင်းခရိုင် ပကဖ မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
အဆိုပါ တိုက်ခိုက်မှုများကို ကော့သောင်းခရိုင်အတွင်းရှိ တော်လှန်ရေးအင်အားစု၊ အဖွဲ့အစည်းများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင် ခဲ့ကြောင်း သိရသည်။
ကော့သောင်းခရိုင်အတွင်း စစ်ရေးအရှိန်မြင့်လာနိုင်သောကြောင့် ပြည်သူများအနေဖြင့် စစ်ရေး အသိစစ်ရေးသတိ အမြဲရှိကြပြီး စစ်ကော်မရှင်ပြုလုပ်သော အတုအယောင်ရွေးကောက်ပွဲကို မပူး ပေါင်း မပါဝင်ဘဲ ဝိုင်းဝန်းတိုက်ဖျက်ကြရန် တော်လှန်ရေးတပ်များက တိုက်တွန်းထားသည်။


