ရန်ကုန်၊ စက်တင်ဘာ ၁၆
မန္တလေးတိုင်း ဝက်လက်မြို့နယ်နှင့် စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် အစပ်တွင် ၄ လကြာ စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၁၇ ရွာကို ဝင်ရောက် စီးနင်းပြီး သံဃာတော်များ အပါအဝင် ပြည်သူ ၂၇ ဦးကို သတ်ဖြတ်ခဲ့ကြောင်း Wetlet Informational Network မှ တာဝန် ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
စစ်တပ်က မေလ ၂၈ ရက်နေ့မှ စတင်ပြီး ဝက်လက်မြို့နယ်နှင့် စစ်ကိုင်းမြို့နယ် အစပ်သို့ စစ်ကြောင်းထိုးခဲ့ပြီး စဉ့်ကိုင် (တောင်ရွာ မြောက်ရွာ) ၊မိုးကြိုးရွာ ၊ ရွာတန်းရှည်ရွာ ၊ သဲကျွန်းရွာ ၊ ငါးရယ်ရွာ ၊တိုက်ရွာ (အောက်ရွာ အထက်ရွာ)၊ တလိုင်းရွာ ၊ ခက်ခ (အရှေ့ရွာ အနောက်ရွာ) ၊ စမွန်းရွာ ၊ ကြခတ်ရွာ ၊လင်းယဉ်ရွာသစ်ရွာ ၊လင်းယဉ်ရွာ ၊ မိုးသောက်ရွာ ၊ ရှမ်းကုန်းရွာ၊ ကုန်းကြီးရွာ၊ ညောင်ကုန်းရွာ၊ ရေတွင်းဂါင်းရွာ တို့ကို ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။
စစ်တပ်က ကျေးရွာများသို့ စစ်ကြောင်းထိုးပြီးနောက် မေလ ၂၈ ရက်နေ့မှ ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့ထိ အကြမ်းဖက် စစ်တပ်က ကင်းရွာမှ ဘုန်းကြီး ၁ ပါးနှင့် ပြည်သူ ၂ ဦး၊ ချောင်းမကြီးရွာမှ ပြည်သူ ၁ ဦး ၊ မယ်ဇလီချောင်းရွာမှ ပြည်သူ ၁ ဦး၊ ရှိမ်းမကားရွာနှင့် ငါးရယ်ရွာမှ ပြည်သူ ၃ ဦး၊ ရွာတန်းရှည်ရွာမှ ပြည်သူ ၃ ဦး၊ သဲကျွန်းရွာမှ ပြည်သူ ၄ ဦး၊ အောက်တိုက်ရွာမှ ပြည်သူ ၁ ဦး၊ တလိုင်းရွာမှ ပြည်သူ ၄ ဦးနှင့် စစ်ဘေးရှောင် ပြည်သူ ၅ ဦး၊ ခက်ခရွာမှ ပြည်သူ ၁ ဦးနှင့် ဘုန်းကြီး ၁ ပါး တို့ကို ပစ်ခတ် ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ဟု သိရှိရသည်။
ထိုသို့ စစ်တပ် စစ်ကြောင်းက ကျေးရွာအတွင်း ဝင်ရောက် စီးနင်းချိန်တွင်လည်း အရပ်သားပြည်သူများ ဖမ်းဆီးခံခဲ့ရကြောင်း၊ တချို့ကို ပြန်လည် လွှတ်ပေးခဲ့သော်လည်း လက်ရှိအချိန်အထိ ဖမ်းဆီးခံနေရဆဲ ပြည်သူအရေအတွက်ကို အတည်ပြုနိုင်ရန် ဆက်လက် စုံစမ်းနေကြောင်း သိရသည်။
“စစ်ခွေး စစ်ကြောင်းက ၂၈ ရက်နေ့ ၅ လပိုင်းကနေပြီးတော့ ဒီနေ့ ၉ လ ပိုင်း ၁၆ ရက်နေ့ထိ မင်းကွန်းကနေ စထွက်လာတဲ့ စစ်ကြောင်းက စစ်ကိုင်းနဲ့ ဝက်လက် အစပ်ကို စစ်ကြောင်းထိုးတာပေါ့။ အဲစစ်ခွေးစစ်ကြောင်းက သူတို့ ဖမ်းဆီးသတ်ဖြတ်သွားတဲ့ ပြည်သူတွေကို PDF ဆိုပြီး စွပ်စွဲသတ်ဖြတ်တယ်။ ပြည်သူတွေပိုင်တဲ့ ကားတွေကိုလည်း PDF ကားပါဆိုပြီး မီးရှို့ဖျက်ဆီးတယ်။ ကျနော်တို့ စုံစမ်း သိရှိရတာတော့ သံဃာတော်တွေ အပါအဝင် ပြည်သူ ၂၇ ဦးကို စစ်ခွေးတွေက ရွာတွေကို ဝင်ရောက် စီးနင်းစဉ် ပစ်ခတ် ဖမ်းဆီးသတ်ဖြတ်ခဲ့တာပေါ့။ ပြည်သူတွေ ဖမ်းဆီးခံရတဲ့ အရေအတွက်က ပြန်လွှတ်တာတွေလည်းရှိတယ်ဆိုတော့ အရေအတွက် အတည်မပြုနိုင်သေးတာပါ။ အခုလို စစ်ခွေးစစ်ကြောင်းတွေ နောက်ထပ် တစ်ကြိမ် ထပ်ထိုးလာရင် ပြည်သူတွေအနေနဲ့ စစ်ကြောင်းနဲ့ အနည်းဆုံး ၂ မိုင်အကွာမှာနေကြဖို့ စစ်ရေးသတင်းတွေ လေကြောင်း အသိသတိတွေကို ဂရုစိုက်နေထိုင်ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု Wetlet Informational Network မှ တာဝန်ရှိသူက ပြောဆိုသည်။
လက်ရှိအချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက စစ်ကိုင်းမြို့နယ် အတွင်းရှိ မုံညှင်းချောင်းရွာနှင့် ညောင်ကုန်းရွာတို့သို့ ရောက်ရှိနေပြီး ပြည်သူများအနေဖြင့် စစ်တပ် စစ်ကြောင်းအနီး သွားလာခြင်းမပြုလုပ်ကြရန် Wetlet Informational Network ကမေတ္တာရပ်ခံထားသည်။


