30.8 C
Yangon

ရခိုင်ပြည်၊ ကျောက်တော်စာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက် ခိုက်မှုနှင့် ဆက်စပ်သည့် ဓာတ်ပုံ၊ ဗီဒီယိုများ အပါအဝင် အချက်အလက်များ ပေးပို့ကြရန် ကုလသမဂ္ဂစုံစမ်းစစ်ဆေးမှု ယန္တရား-IIMM ကြေညာ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၆

ရခိုင်ပြည်၊ ကျောက်တော်စာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဆက်စပ်သည့် ဓာတ်ပုံ၊ ဗီဒီယိုများ အပါအဝင် အချက်အလက်များ ပေးပို့ကြရန် ကုလသမဂ္ဂ၏မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား -IIMM က ယနေ့ ကြေညာချက် ထုတ်ပြန်တောင်းဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားအနေဖြင့် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သရက်တစ်ပင် ကျေးရွာရှိ ကျောင်းအဆောက်အဦကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည့် အကြောင်းကို မျက်မြင်ကြုံတွေ့ခဲ့သူ၊ တိုက်ရိုက်သိရှိသူများအနေဖြင့် အထောက် အထားမျှဝေရန် တောင်းဆိုကြောင်း၊ ယင်းတိုက်ခိုက်မှုတွင် အနည်း ဆုံးသေဆုံးသူ ၂၂ ဦးရှိပြီး အများစုမှာ ကျောင်း သားများဖြစ်ကာ ၂၀ ဦး ထက်မနည်း ဒဏ်ရာရခဲ့ကြောင်း IIMM က ကြေညာထားသည်။

ရခိုင်ပြည်၊ ကျောက်တော်စာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဆက်စပ်သည့် ဒဏ်ရာရရှိမှု၊ အပျက်အစီးများ၊ လေယာဥ်နှင့် လက်နက်ခဲယမ်းများ ၏ ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုများ ထိခိုက် သူများ၏ အချက်အလက်များ၊ လေကြောင်းတိုက်ခိုက်ရာတွင် အသုံးပြုသည့် လေယာဥ်နှင့် လက်နက်အမျိုးအစားများ၏ အချက်အလက်များ၊ ပါဝင်သူလေယာဥ်မှူးများနှင့် ပေးအပ်သည့် အမိန့်များ၏ အချက်အလက်များ ၊ အချက် အလက်များ လက်ဝယ်ရရှိထားပါက IIMM ၏ Signal နံပါတ် +41 76 691 12 08 သို့ ဆက်သွယ်ရန် ပေးပို့ရန် IIMM က မေတ္တာရပ်ခံထားသည်။

ထိုသို့ မျှဝေရာတွင်လည်း အချက်အလက်မျှဝေသူများ၏ လုံခြုံရေးကို ဦးစားပေးရန် နှင့် ဘေးကင်းလုံခြုံသည့်အချိန်မှသာ ဆက်သွယ်ရန် IIMM က မေတ္တာရပ်ခံထားသည်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းပြီး နောက်ပိုင်း စာသင်ကျောင်းများကိုဆိုးဝါးစွာတိုက်ခိုက်မှုများတွင် ကျောက်တော်မှ စာသင်ကျောင်းကို တိုက်ခိုက်မှုမှာလည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ ယခုဖြစ်စဥ်သည် တိုက်ခိုက်မှုများ၊ သတ်ဖြတ်မှုများ၊ အတင်းအကျပ်နေရပ်မှရွှေ့ပြောင်းခံရခြင်းများနှင့် ငတ်မွတ်ခေါင်းပါးမှုများ ကြုံနေရသည့် ရခိုင်ပြည်နယ်ရှိ အရပ်သားလူမျိုးစုများအားလုံး၏ ခံစားရသည့် ဒုက္ခများကို ပိုမိုဆိုးရွားစေကြောင်း IIMM က ထောက်ပြသည်။

အရပ်သားပြည်သူများကို မခွဲခြားဘဲ လေကြောင်းမှတိုက်ခိုက်ခြင်း စစ်ရာဇဝတ်မှု သို့မဟုတ် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု မြောက်နိုင်ကြောင်း၊ ကလေးများကို တိုက်ခိုက်ခြင်းသည် အလွန်ထိတ်လန့်စက်ဆုတ်ဖွယ်ကောင်းသည့်အတွက် ယန္တရားအနေဖြင့် ကလေးများအား ထိခိုက်ကျူးလွန်သည့် အမှုများကို ဦးစားပေး စုံစမ်းလျက်ရှိကြောင်း IIMM က ကြေညာထားသည်။

ကျောက်တော်မြို့နယ်မှ စာသင်ကျောင်းအပေါ် လေကြောင်းတိုက်ခိုက်မှုမှာ ကလေးများသေဆုံး ဒဏ်ရာရခဲ့ကြသည့် များစွာအနေက်မှ တိုက်ခိုက်ခံရမှု တစ်ခုဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM သို့မဟုတ် ယန္တရား) ကို ၂၀၁၁ ခုနှစ် နောက် ပိုင်း မြန်မာနိုင်ငံတွင်ကျုးလွန်သည့် အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုနှင့် တခြားသော နိုင်ငံတကာ ဥပဒေများ ချိုးဖောက်ခြင်းများအတွက် အထောက်အထားများ စုဆောင်းရန်နှင့် စိစစ်သုံးသပ်ရန် ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းခဲ့ပြီး နိုင်ငံတွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ တရားရုံးများတွင် လူပုဂ္ဂိုလ်များကို တရားစွဲဆိုရာတွင် အသုံးပြုနိုင်မည့် အထောက်အထားများကို ထိန်းသိမ်းစုစည်းကာ အမှုတွဲများကိုပြင်ဆင်ခြင်းဖြင့် တရားမျှတမှုနှင့် တာဝန်ခံမှုများ ဖြစ်ထွန်းလာရေးကူညီရန် ရည်ရွယ်သော အဖွဲ့ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article