ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပြည်သူ့စစ် သင်တန်းမှ ပြန်လာသည့် စစ်မှုထမ်းဟောင်း ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကြာအင်းကြီးကျေးရွာ ငြိမ်းချမ်းရေး လမ်းဝအနီးတွင် နေထိုင်သော စစ်မှုထမ်း တပ်ဟောင်း ၁ ဦးဖြစ်သူ ဘောကြီး ဆိုသူသည် ပြည်သူ့စစ် သင်တန်းမှ နေအိမ်သို့ ပြန်လာစဉ် အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို ပစ်ခတ်မှု အတွင်း စစ်မှုထမ်း တပ်သားဟောင်း ဘောကြီးသည် သေနတ်ကျည် ၆ ချက် ထိမှန်ခဲ့ကာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ရုပ်အလောင်းကို စက်တင်ဘာလ ၁၆ ရက်နေ့တွင် မြေမြုတ် သဂြိုလ်လိုက်ကြောင်း သိရှိရသည်။
“ကြာအင်းဆိပ်ကြီးမြို့ စစ်တပ်အနီးက BGF ဂိတ်နဲ့ ကိုက် ၁၀၀ အတွင်း ရပ်ကွက် လမ်းကြားမှာ ပျူစောထီး ခေါင်းဆောင် မကုလားမရဲ့ အမျိုးသား ဘောကြီး ဆိုတဲ့ စစ်ခွေးဟောင်းကို အမည်မသိ သေနတ် သမား ၂ ဦးက ဆိုင်ကယ်နဲ့ ရောက်လာပြီး သေနတ်နဲ့ ၈ ချက်ပစ်ခတ်သွားတာ ၆ ချက်ထိပြီး ပွဲချင်းပြီး သေတယ်။ ပစ်သွားတဲ့ သူတွေက ဘယ်အဖွဲ့ကလည်းဆိုတာတော့ မသိဘူး” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။
သေဆုံးသွားသော စစ်မှုထမ်းဟောင်း ဘောကြီး ဆိုသူသည် အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းနေသူဖြစ်ပြီး ပြည်သူ့စစ် သင်တန်းများ တက်ရောက်နေသူဖြစ်ကြောင်း၊ အဆိုပါ ပစ်ခတ်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး မည်သည့် အဖွဲ့က လုပ်ဆောင်ခဲ့သည်ကို ထုတ်ပြန်ထားခြင်းမရှိသေးပေ။
ဓာတ်ပုံ – အရပ်ဝတ် တော်လှန်ရေးရဲဘော်များက စစ်တပ်ဒေါက်တိုင် စစ်ဆေးရေးဂိတ် ၁ ခုကို ဝင်ရောက်တိုက်ခိုက်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
