ကချင်ပြည်နယ်၊ ဖားကန့်မြို့ပေါ်နှင့် ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းကြောင့် အသက် ၉ နှစ်အရွယ် ကလေးငယ် မမေမြတ်နိုးသွယ် အပါအဝင် ပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ဖားကန့်မြို့တွင်းရှိ အကြမ်းဖက် စစ်တပ် က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ဆိုင်းတောင်(ဆိပ်မူ) ကျေးရွာ၊ မှော်ရှန် ရပ်ကွက်အတွင်းသို့ ကျ ရောက် ပေါက်ကွဲခဲ့ပြီး အသက် ၉ နှစ်အရွယ် မမေမြတ်နိုးသွယ် ပွဲချင်းပြီး သေဆုံးကာ ညီမ ဖြစ်သူ မခင်မြတ်နိုး ၊ အသက် ၁၇ နှစ်အရွယ် မောင်အောင်လင်းဦး နှင့် အသက် ၆၀ အရွယ် ဒေါ်ဝင်း တို့လည်း ထိမှန်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း သိရသည်။
“ဒီနေ့ ညနေ စကမရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုမှာ ဆိပ်မူကျေးရွာ၊ မှော်ရှန်ရပ်ကွက် အထက်ဘက်က နေအိမ်နှစ်လုံးထိမှန်ခဲ့ပြီး ၉ နှစ်အရွယ် မမေမြတ်နိုးသွယ် သေဆုံးခဲ့ရသလို ညီမဖြစ်သူ မခင်မြတ်နိုး သွယ် လက်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အလားတူ အသက် ၆၀ အရွယ် အဘွားဝင်း၊ အသက် ၁၇ အရွယ် မောင်အောင်လင်းဦးနဲ့ မသင်ဇာနွယ်တို့လည်း ထိခိုက် ဒဏ်ရာ အသီးသီးရရှိခဲ့ကြတာဖြစ်ပါတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖားကန့်မြို့နယ်၊ ဆန်းကြွယ်ကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ဘောလုံးကွင်းအနီး၌ အမျိုးသား ၁ ဦး ပစ်သတ်ခဲ့ကြောင်း၊ ထို့ပြင် ရှရော်ခကျေးရွာ ကက်သလစ်ဘုရားကျောင်းဝင်းစောင့်နေသော အမျိုးသား ၁ ဦးလည်း ဗျူဟာကုန်းမှ ပစ်ခတ်သော လက်နက်ကြီးထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် ယနေ့ နံနက် ၁၀ နာရီခွဲခန့်ကလည်း ဖားကန့်မြို့၊ မှော်ဝမ်းရပ်ကွက်၊ မုန့်ဈေးဆိုင်ရှေ့တွင်လည်း စစ်သားများက အမျိုးသား တစ်ဦးကို ပစ်ခတ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အလားတူ ဖားကန့်မြို့၊ ဆိုင်းဂျာဘွမ်ကျေးရွာတွင်လည်း အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ အသက် ၅၀ အရွယ် အမျိုးသား ၁ ဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ဖားကန့်မြို့တွင်းနှင့် ဗျူဟာကုန်းတို့၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများသည် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ မြို့အနီး ပတ်ဝန်းကျင်ကို လက်နက်ကြီး၊ ဒရုန်းများဖြင့် အရပ်သား ပြည်သူများကို နေ့စဉ် ဗုံးကျဲ ပစ်ခတ် သတ်ဖြတ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
(Facebook ၏ စည်းမျဉ်းများအရ Graphic Violence ဖြစ်နိုင်သော ဓာတ်ပုံများကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် သွားရောက် ကြည့်ရှုနိုင်ပါသည်။)



