25.4 C
Yangon

ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ ရဲစခန်းသိမ်းတိုက်ပွဲမှ ဖမ်းဆီးရရှိသော ရဲမိသားစုဝင် ကိုယ်ဝန်ဆောင် ဇနီး၊ ကလေးမိခင်၊ ကလေးများနှင့် စစ်သုံ့ပန်းများကို ဆေးကုသမှုပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးထား

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၀

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ ရဲစခန်းသိမ်းတိုက်ပွဲမှ ဖမ်းဆီးရရှိသော ရဲတပ်ဖွဲ့ဝင်၏ ကိုယ် ဝန်ဆောင် ဇနီးနှင့် ကလေးမိခင်၊ ရဲစစ်သုံ့ပန်းကို ဆေးကုသမှုပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးထားကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၁၇ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ ရဲစခန်းကို တော် လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ရဲစခန်းမှ ရဲဗိုလ်နှင့် ရဲတပ်သားများ အပါအဝင် ၆ ဦး သေ ဆုံးခဲ့ကြောင်း၊ ထို့ပြင် ရဲအရာရှိ ၂ ဦး၊ ရဲတပ်သား ၂ ဦး ၊ ရဲမိသားစုဝင် ၄ ဦးနှင့် အချုပ်သား ၃ ဦး တို့ကိုလည်း အရှင် ဖမ်းဆီးရမိခဲ့ကြောင်း ၊ တိုက်ပွဲအတွင်း ရဲများထံမှ G-3 သေနတ် ၉ လက် ၊ G-4 သေနတ် ၁ လက်၊ MA-15 သေနတ် ၁ လက် နှင့် ပစ္စတို သေနတ် ၁ လက် တို့ သိမ်းဆည်းရရှိခဲ့ပြီး ရဲစခန်းအတွင်းရှိ အဆောက်အဦးများကို မီးရှို့ရှင်းလင်းခဲ့ကြောင်း သိရသည်။

ဇီးကုန်းမြို့ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်မှုတွင် ဒဏ်ရာရရှိခဲ့သော ရဲတပ်ဖွဲ့မိသားစုဝင် အမျိုးသမီးများနှင့် ကလေးသူငယ်များကို မြို့နယ်ကျန်းမာရေးတာဝန်ခံဦးဆောင်သော ဆေးအဖွဲ့က လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး မီးဖွားရန်လိုအပ်သော ကိုယ်ဝန်ဆောင်အမျိုးသမီးကိုလည်း ကောင်းမွန်စွာစောင့်ရှောက်ကုသပေးလျက်ရှိကြောင်း သိရှိရသည်။

တော်လှန်ရေးတပ်ဖွဲ့များက ဇီးကုန်းမြို့နယ် ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု ဗီဒီယိုကို ရိုက်ကူးထုတ်ပြန်ခဲ့ပြီး ယင်းဗီဒီယိုတွင် ရဲတပ်ဖွဲ့ဝင် ၁ ဦး၏ ကိုယ်ဝန်ဆောင် ဇနီးသည်အတွက် ဗိုက်ဖုံးအင်္ကျီကို တော်လှန်ရေးရဲဘော်တစ်ဦးက နေအိမ်ပေါ်အထိ တက်ရောက် ယူဆောင်ပေးခဲ့မှုအပေါ် လူမှုကွန်ရက်တွင် ပြည်သူလူထုက ၀ိုင်းဝန်းချီးကျူးဂုဏ်ပြုခဲ့ကြသည်ကို မြင်တွေ့ရသည်။

ထို့ပြင် အဆိုပါ ဇီးကုန်းမြို့ ရဲစခန်းသိမ်းဗီဒီယိုတွင် အမျိုးသမီးများနှင့်ကလေးများကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ထိခိုက်မှုမရှိစေရေး အထူးအလေးပေး ဂရုစိုက်ဆက်ဆံမှုကိုလည်း ပြည်သူများက ချီးမွန်းကြပြီး စစ်ကောင်စီဆိုလျှင် အမျိုးသမီးနှင့်ကလေးပါ မကျန် သတ်ဖြတ်လိမ့်မည်ဟု ဝေဖန်ထောက်ပြကြသည်။

“ဇီးကုန်းရဲစခန်းသိမ်း တိုက်ပွဲမှာ ရဲဘော်တွေက ရဲတွေရဲ့ အမျိုးသမီးနဲ့ ကလေးတွေ၊ ကိုယ်ဝန်ဆောင်တွေကို အလေးထား ဂရုစိုက်သွားတာ ဗီဒီယိုမှာ မြင်ရတော့ လူသားဆန်မှုကို မြင်ရလို့ ဝမ်းသာတယ်။ အဲဒီ နေရာမှာ စစ်တပ်က ကောင် တွေဆိုရင် အမျိုးသမီးရော ကလေးပါ မကျန် ပစ်သတ်မှာပဲ လို့ နှိုင်း ယှဉ်တွေးမိတယ်။ လူသားဆန်မှုက တော်လှန်ရေးအင်အားဖြစ်လို့ ရဲဘော်တွေ ဆက်ပြီး လူသားဆန်စွာ တော်လှန်ပေးကြဖို့ တိုက်တွန်းပါတယ်” ဟု ပြည်သူတစ်ဦးက လူမှုကွန်ရက် မက်ဆင်ဂျာမှတစ်ဆင့် ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ မှတ်ချက်ပြု အသိပေးထားသည်။

စက်တင်ဘာလ ၁၇ ရက်နေ့ ဇီးကုန်းမြို့ရဲစခန်းကို သိမ်းပိုက်တိုက်ခိုက်ပြီးနောက် စစ်တပ်က ကန့်ဘလူမြို့နယ်တွင် စစ်အင်အားများ ဖြည့်တင်းကာ စစ် ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း ကန့်ဘလူအခြေစိုက် တော်လှန်ရေးသတင်း ရင်းမြစ်က သုံးသပ်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article