24.9 C
Yangon

ဝမ်းတွင်းနှင့် ဆားလင်းကြီး တို့တွင် စစ်တပ်က ဆိုင်ကယ် ရပ်မပေးသည့် ပြည်သူများကို လိုက်လံ ပစ်ခတ်မှု ပြည်သူ ၃ ဦး သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၀

မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်နှင့် စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်က ဆိုင်ကယ် ရပ်မပေးသည့် ပြည်သူများကို လိုက်လံ ပစ်ခတ်ရာ ပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း Voice Of Wundwin နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ဝမ်းတွင်းမြို့နယ် မကျီးတောရွာအနီးတွင် စစ်ဆေးရေး လုပ်ဆောင်နေသော စစ်သားများက လမ်းသွားလမ်းလာ ပြည်သူများကို စစ်ဆေးရေး ပြုလုပ်နေစဉ် ဆိုင်ကယ်ဖြင့် ဖြတ်သွားသော လူငယ် ၁ ဦးကို ဆိုင်ကယ် ရပ်မပေး၍ဟုဆိုကာ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်မှု အတွင်း ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ရုပ်အလောင်းကို နာရေးကူညီမှု အသင်းများက လာရောက် ကောက်ယူသွားကြောင်း သိရှိရသည်။

“ကျနော်တို့ ကြားတာကတော့ ဆိုင်ကယ်စီးလာတာတဲ့ လူငယ် ၁ ဦးကို စစ်ခွေးတွေက ဆိုင်ကယ် ရပ်မပေးလို့ဆိုပြီး လိုက်ပစ်တာ ပြည်သူ ၁ ဦး သေဆုံးတယ်။ အဲလမ်းကိုတော့ ဘယ်သူမှ မသွားရဲတော့ဘူး။ ကြောက်ပြီးမသွားကြည့်ရဲကြတာ သေဆုံးသူရဲ့ ရုပ်အလောင်းကိုတော့ လူနာတင်ကားနဲ့ လာတင်သွားတယ်လို့ သိရတယ်” ဟု Voice Of Wundwin မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ် လမ်းဆုံတွင်လည်း ကင်းပတ်ရန် ထွက်လာသော စစ်သားများက သုံးဘီး ဆိုင်ကယ်မောင်းလာသော လူငယ် ၂ ဦးကို ဆိုင်ကယ် ရပ်မပေးဟုဆိုကာ ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ဆားလင်းကြီးမြို့ပေါ်ရှိ လမ်းဆုံ စစ်ဆေးဂိတ်တွင် ကင်းလှည့်ရန် ထွက်လာသော စစ်သားများက သုံးဘီး ဆိုင်ကယ်ရပ်မပေးသည့် ပြည်သူများကို လိုက်လံ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်သားက လိုက်လံ ပစ်ခတ်ခြင်းကြောင့် သေဆုံးသူ ၂ ဦးသည် ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးသိမ်တော်ရွာမှ ပြည်သူများ ဖြစ်ပြီး ပြည်သူ ၁ ဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ကင်းပတ်မို့ ထွက်လာတဲ့ စစ်ခွေးတွေက သုံးဘီး ဆိုင်ကယ်ကို စစ်ဆေးဖို့ လှမ်းခေါ်တဲ့ အချိန် ဟိုက ကြောက်လို့ ရပ်မပေးဘဲ မောင်းပြေးတာကို လိုက်ပစ်လို့ ပြည်သူ ၂ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရတယ်။ သေဆုံးသူတွေက ညောင်ပင်ကြီး သိမ်တော်ရွာကလို့သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article