24.2 C
Yangon

ထားဝယ်မြို့နယ်၊ ပကာရီရွာ ယက္ကန်းစင် ဘုန်းကြီးကျောင်းတွင် ယာယီတပ်စွဲထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၀

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ပကာရီရွာ ယက္ကန်းစင် ဘုန်းကြီးကျောင်းတွင် ယာယီတပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၇ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ ပြန်ကြားရေး တာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ထားဝယ်မြို့နယ်၊ ထားဝယ် – ထီးခီးလမ်းပိုင်းရှိ ပကာရီကျေးရွာ ယက္ကန်းစင် ဘုန်းကြီးကျောင်း အတွင်း ယာယီတပ်စွဲထားသော စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုထိတွေ့ တိုက်ပွဲသည် ၂ ရက်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ကြပ်ကြီး အဆင့်ရှိသူ ၂ ဦးအပါအဝင် ၇ ဦး သေဆုံးခဲ့ပြီး ဒုတိယ ဗိုလ်မှူးကြီး ၁ ဦး အပါအဝင် ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သားများထံမှ MA 1 သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ 79 ဗုံး ၂ လုံး၊ ၆၀ မမ ၂ လုံး နှင့် 5.56 ကျည် ၂၀၀ ကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့ပြင် တော်လှန်ရေး ရဲဘော် ၁ ဦးလည်း မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သိရှိရသည်။

“ယာယီ တပ်စွဲထားတဲ့ နေရာမှာ စစ်ခွေး အင်အား ၁၀၀ ဝန်းကျင်လောက်ရှိပါတယ်။ တပ်ကြပ်ကြီး ၂ ဦးရယ်။ တပ်ကြပ် ၂ ရယ်၊ စစ်မှုထမ်း ၃ ရယ် သေပါတယ်။ ဒဏ်ရာရတာကတော့ ၄၀၆ တပ်ရင်းက ဒုတိယဗိုလ်မှူးကြီး အပါအဝင် ၆ ဦးလို့ သိရတယ်။ လက်နက်ကြီးပစ်ကူ လေယဥ်ပစ်ကူရောနဲ့ ပစ်ကူပေးပါတယ်။ သူတို့ဘက်ကတော့ စစ်ကြောင်းပျက်ပြီး ပြန်ဆုတ်သွားခဲ့ပါတယ်” ဟု ဒူရက စစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

ထို တိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်း ၊ ထားဝယ်ပြည်သူ့ လွတ်မြောက်ရေးတပ်ဖွဲ့(TPLF) ၊ဧဒင်မှူးပျောက်ကျားတပ်ဖွဲ့၊ က္လားသစ္ဆတ်(ကျားသစ်နက်)၊ ဘိလုံးပျောက်ကျားတပ်ဖွဲ့၊ Dawei Guerrilla Revolutionary Force (DGRF)၊ ထားဝယ်ခရိုင်တပ်ပေါင်းစု၊ ဒေါနတပ်ခွဲ (၇) ၊ထားဝယ်အရှေ့တောတပ်ဖွဲ့ (DEF) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေး အရှိန်အဟုန်တိုးမြင့်စွာ ဆောင်ရွက်နေသည့် အချိန်ဖြစ်သောကြောင့် ပြည်သူများ အနေဖြင့် စစ်ရေးအထူး သတိ/သတိပြု သွားလာနေထိုင်ကြရန်နှင့် လေကြောင်းအသုံးပြု တိုက်ခိုက်မှုများ ရှိနိုင်သောကြောင့် လေကြောင်းရန် ကာကွယ်ရေးနှင့်ပက်သက်သည့် သတင်းအချက်အလက်များကို လိုက်နာကျင့်ကြရန် ဒူရကစစ်ကြောင်းက မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article