24.2 C
Yangon

သီပေါနှင့်ကျောက်မဲမြို့နယ်တို့ကို TNLA လက်ထဲမှ စစ်တပ်က ပြန်သိမ်းတော့မည်ဟုဆိုကာ မြို့နယ် ရွေးကောက်ပွဲကော်မရှင်များ ဖွဲ့စည်လိုက်ပြီး Non-CDM ဝန်ထမ်းများအားလုံးကို အသင့်ပြင်ခိုင်းထား

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၀

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA သိမ်းပိုက်ထားသော ကျောက်မဲနှင့် သီပေါမြို့နယ်တို့ကို စစ်တပ်က ပြန်လည် တိုက်ခိုက်သိမ်းယူတော့မည်ဖြစ်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်များ ဖွဲ့စည်းပြီး Non-CDM ဝန်ထမ်းများအားလုံးကို ပြန်လည် တာဝန်ထမ်းဆောင်ရေး အသင့်ပြင်ခိုင်းနေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်နှင့်လားရှိုးအခြေစိုက်ဝန်ထမ်းအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်တပ်က သီပေါမြို့နယ် ရွေးကောက်ပွဲကော်မရှင်နှင့် ကျောက်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်တို့ကို ယခုရက်ပိုင်းအတွင်း ဖွဲ့စည်းလိုက်ပြီး လတ်တလော လားရှိုးမြို့တွင် အခြေစိုက်ထားကြောင်း၊ ရွေးကောက်ပွဲကျင်းပမည့် ဒီဇင်ဘာလ ၂၈ ရက်မတိုင်မီ သီပေါနှင့်လားရှိုးမြို့နယ်တို့ကို စစ်တပ်က အမြန်ပြန်လည် သိမ်းယူနိုင်ရေး လုပ်ဆောင်လျက်ရှိပြီး ကျောက်မဲမြို့နယ်မှာလည်း မကြာမီ ရရှိတော့မည်ဟု စစ်တပ်က Non-CDM ဝန်ထမ်း အသိပေးလာကြောင်း သိရှိရသည်။

“ယာယီနေရပ်စွန့်ခွာ Non-CDM ဝန်ထမ်းတွေအားလုံး မိမိတို့ရဲ့ မြို့နယ်တွေမှာ ပြန်လည် တာဝန်ထမ်းဆောင်ဖို့ အသင့်ပြင်ထားပါဆိုပြီး လျှို့ဝှက် အမိန့် ညွှန်ကြားချက်ထွက်ရှိထားပါတယ်။ အဲဒါက ရှမ်းမြောက်၊ ရခိုင်၊ စစ်ကိုင်း၊ ချင်းပြည်နယ်အတွက်ပါပါတယ်။ သီပေါနဲ့ ကျောက်မဲမြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းတွေကတော့ လားရှိုးမှာ အခုစုဖွဲ့နေကြပြီ” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

လားရှိုးအခြေစိုက်ဝန်ထမ်းအသိုင်းအ၀ိုင်းကမူ သီပေါနှင့်ကျောက်မဲမြို့နယ်တို့ကို လာမည့်လပိုင်းအတွင်း စစ်တပ်က သိမ်းယူနိုင်တော့မည်ဟု စစ်တပ်က အသိပေးလာကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ အတွက် အသင့်ပြင်ခိုင်းထားခြင်း၊ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် အသိပညာပေး သရုပ်ပြပွဲများ ကြိုတင်လေ့ကျင့် ပြင်ဆင်ထားရန် ညွှန်ကြားလာကြောင်း သိရှိရသည်။

“လားရှိုးမှာတော့ သီပေါ၊ ကျောက်မဲ၊ ကွတ်ခိုင်နဲ့ ဆုံးရှုံးထားတဲ့ ရှမ်းမြောက် ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းတွေအားလုံးအတွက် ယာယီရုံးတွေ လုပ်ထားတယ်။ တချို့ယာယီရုံးတွေက တောင်ကြီးမှာရှိတယ်။ ရုံးတွေက ပုံမှန်တိုင်း နေပြည်တော်နဲ့ ပြည်နယ်အစိုးရ ညွှန် ကြားချက်နဲ့ ဌာနဆိုင်ရာ အလုပ်တွေကို လည်ပတ်နေပါတယ်” ဟု လားရှိုးအခြေစိုက် ဝန်ထမ်းအသိုင်းအ၀ိုင်းသတင်းရင်းမြစ်က ရှင်းပြသည်။

စစ်တပ်က ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည် မဟုတ်သော မြို့နယ် ၅၆ မြို့နယ်ကို မကြာသေးမီက ကြေညာခဲ့သော်လည်း သီပေါနှင့်ကျောက်မဲမြို့နယ်တို့ကို ယင်းစာရင်းတွင် ထည့်သွင်းထားခြင်းမရှိကြောင်း၊ ထို့ကြောင့် ရွေး ကောက် ပွဲလုပ်ရန် သီပေါနှင့်ကျောက်မဲမြို့နယ်တို့ကို မရ၊ ရအောင် စစ်တပ်က အတင်းအကျပ် ပြန်လည် တိုက်ခိုက်သိမ်းပိုက်မည့်အခြေအနေဖြစ်ကြောင်း လားရှိုးအခြေစိုက် ဝန်ထမ်းအသိုင်းအ၀ိုင်းသတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article