ရန်ကုန်-ဒလတံတားနောက်ဆုံးအဆင့် ချိတ်ဆက်ပွဲ မင်းအောင်လှိုင်တက်မည်
ရန်ကုန်၊ စက်တင်ဘာ ၂၁
တောင်ကိုရီးယားနိုင်ငံက ချစ်ကြည်ရေးအထိမ်းအမှတ် တည်ဆောက်ပေးသည့် ရန်ကုန်-ဒလတံတားကို လာမည့်ဒီဇင် ဘာလရွေးကောက်ပွဲမတိုင်မီ ဖွင့်လှစ်နိုင်ရေး မင်းအောင်လှိုင်က ဖိအားပေးနေပြီး သူတည်ဆောက်ပေးခဲ့သည့်ပုံစံဖြင့် တံတားဖွင့်ပွဲလုပ်ဦးမည်ဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက်မင်းအောင်လှိုင်က ရန်ကုန်မြို့သို့ ရောက်ရှိနေပြီး ဒလတံတားသို့ နောက်ဆုံးအဆင့် တည်ဆောက် ပြီးစီးနေမှုကို သွားရောက် စစ်ဆေးမည်ဖြစ်ကြောင်း၊ ယင်းရန်ကုန်-ဒလတံတားကို လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ ရွေးကောက်ပွဲမတိုင်မီ ဖွင့်လှစ်ရန် ဖိအားပေးလျက်ရှိကြောင်း၊ တံတားဖွင့်ပွဲကိုလည်း ၎င်းကိုယ်တိုင်တက် ရောက်မည်ဖြစ်ကာ ယင်းတံတားကို ၎င်းက တည်ဆောက်ပေးခဲ့သည့်ပုံစံဖြင့် ဂုဏ်ယူဝင့်ကြားဦးမည်ဖြစ်ကြောင်း တံတားစီမံကိန်းတွင် ပါဝင်နေသည့် အရပ်ဘက်အဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“ရန်ကုန်-ဒလ ချစ်ကြည်ရေးတံတားကို ဒီဇင်ဘာလ ရွေးကောက်ပွဲမတိုင်မီ ဖွင့်ဖို့ ဖိအားပေးခံနေရတယ်။ ဒီရက်ပိုင်းမှာ ဒလ နောက်ဆုံးအဆင့် ချိတ်ဆက်ပွဲရှိတယ်။ အဲဒါကိုလည်း ဟိုလူကြီး(မင်းအောင်လှိုင်) လာမယ်။ ဖွင့်ပွဲကိုလည်း သူတက်ပြီး မိန့်ခွန်းပြောမယ်။ သူတည်ဆောက်ပေးသလို လုပ်ဦးမှာပေါ့” ဟု တံတားစီမံကိန်းတွင် ပါဝင်နေသည့် အရပ်ဘက်အဖွဲ့ဝင်က ပြောဆိုသည်။
ရန်ကုန်-ဒလ တံတားစီမံကိန်းမှာမြန်မာ-ကိုရီးယား ချစ်ကြည်ရေး အဖြစ် တည်ဆောက်သော တံတားတစ်စင်းဖြစ်ပြီး သမ္မတဟောင်းသိန်းစိန်အစိုးရလက်ထက်တွင် စတင် ဆွေးနွေးခဲ့ကြောင်း၊ လက်တွေ့ အကောင်အထည်ဖော်မှုကို NLD အစိုးရလက်ထက်တွင် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သော်လည်း မင်းအောင်လှိုင်က သူတည် ဆောက် ပေးခဲ့သည့်ပုံစံဖြင့် ဂုဏ်ယူဝင့်ကြားနိုင်ရေး ဖိအားပေးနေခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
ဒလ တံတားမှာ သံမဏိကြိုးဆိုင်း လေးလမ်းသွား တံတားကြီးဖြစ်ပြီး ပင်မတံတားအရှည် ၁၉၃၆ပေ နှင့် တံတားအရှည် စုစုပေါင်း ၆၁၄၃ပေ ရှိကြောင်း၊ တန်ချိန် ၁၅၀၀၀ခန့်ရှိ သင်္ဘောကြီးများ ရေလမ်းကင်း လွတ်စွာ သွားလာနိုင်ရန် အမြင့်ပေ ၁၆၀ ခန့် နှင့် ရေလမ်းကင်းလွတ် အကျယ် ၅၂၅ပေ ထားရှိ ဆောက်လုပ်သွား မည်ဖြစ်ကာ ယာဉ်တစ်စင်းချင်း ခံနိုင်ဝန်အားဖြင့် ၇၅ တန်ထိ ဖြစ်ကြောင်း၊ ကိုရီးယား-မြန်မာ ချစ်ကြည်ရေး(ဒလ)တံတားကို ကိုရီးယားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးရေးရန်ပုံငွေ (EDCFI Loan) ချေးငွေ အမေရိကန်ဒေါ်လာ ၁၃၇ ဒဿမ ၈၃၃ သန်း၊ ပြည်တွင်းရန်ပုံငွေ ၃၀ ဒဿမ ၃၄၁ သန်း စုစုပေါင်းကုန်ကျငွေ အမေရိကန်ဒေါ်လာ ၁၆၈ ဒဿမ ၁၇၄သန်း ကုန်ကျမည်ဖြစ်ပြီး၊ ကိုရီးယား ထုတ်ကုန်သွင်းကုန်ဘဏ်နှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဝန်ကြီးဌာန တို့မှ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ က ချေးငွေဆိုင်ရာ သဘောတူ စာချုပ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဒလတံတားတည်ဆောက်ရေး အသေးစိတ်ဒီဇိုင်းကို ကိုရီးယားသမ္မတ နိုင်ငံ Soosoog Co.Ltd က ရေးဆွဲခဲ့ပြီး ကိုရီးယားပညာရှင်များပါဝင်သော ကိုရီးယား GS Engineering Group က အဓိက တာ၀န်ယူတည် ဆောက်နေခြင်း ဖြစ်သည်။
ရန်ကုန်-ဒလတံတား ဖွင့်လှစ်ပြီးစီးပါက ရန်ကုန်မြို့မှ ဒလ၊ တွံ့တေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များ၊ ဒေးဒရဲတံတားမှတစ်ဆင့် ကမ်းခြေဒေသများနှင့် ဧရာဝတီတိုင်းတစ်ခုလုံးသို့ လွယ်ကူလျင်မြန်စွာ သွားလာနိုင်မည်ဖြစ်သည်။


