စစ်ကိုင်းတိုင်း၊ ကလေး၀မြို့နယ်တွင် စစ်တပ်လက်အောက်ခံ ပျူစောထီးစစ်ကြောင်းတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦးကို လက်နက်နှင့်အတူ ဖမ်းဆီးရရှိကြောင်း အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်သည်။
စက်တင်ဘာလ ၁၇ ရက်နေ့ စစ်ကိုင်းတိုင်း၊ကလေးဝမြို့နယ်၊ ဆင်အိုင်မ(ပျူ)ရွာအနီး အောင်ချမ်းသာ(ပျူ)ရွာစခန်းနှင့် ဆင်အိုင်မ(ပျူ)ရွာမှ ရိက္ခာရှာထွက်လာသော ပျူစောထီး ပူးပေါင်းအင်အား ၄၀ ခန့်ကို ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲတွင် ပျူစောထီး ၃ ဦးထိခိုက်ဒဏ်ရာရရှိပြီး ပျူစောထီး ၁ ဦးကိုလက်နက်နှင့်အတူ အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။
ဖမ်းဆီးရရှိသော ပျူစောထီးထံမှ BA-63 သေနတ် ၁ လက်၊ ကျည်ဘောက် ၁ ခု၊ 7.62 ကျည် ၂၅ တောင့် သိမ်း ဆည်းရရှိကြောင်း သိရှိရသည်။
ပျူစောထီးစစ်ကြောင်းကို ကလေးခရိုင် အမှတ် ၅ တပ်ရင်း၏ တပ်ရင်းမှူး ညွှန်ကြားမှုဖြင့် ကလေးခရိုင် အမှတ် ၅၊ ၉ နှင့် ကလေးဝမြို့နယ် ပကဖ၊ မင်းကင်းမြို့နယ် ပကဖ တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။
“ကလေး၀မြို့နယ်မှာကတော့ မြို့ပေါ်မှာပဲ စစ်တပ်က အဓိက အထိုင်ချတပ်စွဲထားပြီး ပျူရွာတွေကိုလည်း တော် လှန်ရေးတပ်တွေက ၀ိုင်းပတ်ထိန်းချုပ်ထားပါတယ်။ စစ်ရေးအရကတော့ တော်လှန်ရေးတပ်တွေက နယ်မြေစိုးမိုးမှု ပိုများတယ်” ဟု ကလေး၀မြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
