27.2 C
Yangon

နှစ်ကြိမ်တိုင် ပစ်ခတ်တိုက်ခိုက်ခံရသော်လည်း အသက်ဘေးမှ လွတ်ခဲ့သော ဒဂုံမြို့သစ်ဆိပ်ကမ်း ၈၈ ရပ်ကွက် အုပ်ချုပ်ရေးမှူး ပျူစောထီး ဇော်လွင်(ခ) တောက်တဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုဖြင့် ဖမ်းဆီးခံရ

Must read

🟥 နေအိမ်အတွင်းမှ ငွေကျပ် ၁ သောင်းတန်များ အပြည့်ထည့်ထားသော ဆာလာအိတ် ၅ အိတ်နှင့် WY မူးယစ်ဆေးပြားများ ဖမ်းဆီးရရှိ

ရန်ကုန်၊ စက်တင်ဘာ ၂၁

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ အမှတ် ၈၈ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ပျူစောထီး ဇော်လွင်(ခ) တောက်တဲ့ကို စစ်တပ်က မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုဖြင့် ဖမ်းဆီးလိုက်ကြောင်း အဆိုပါ ရပ်ကွက်အတွင်းနေထိုင်သူများက ပြောဆိုသည်။

စက်တင်ဘာလလယ်ပိုင်းတွင် စစ်တပ်က အမှတ် ၈၈ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဇော်လွင်(ခ) တောက်တဲ့၏ နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ယင်းသို့ စီးနင်းခဲ့ရာတွင် ဇော်လွင်(ခ) တောက်တဲ့နေအိမ်မှ ငွေကျပ် ၁ သောင်းတန်များ အပြည့်ထည့်ထားသည် ဆာလာအိတ် ၅ အိတ်၊ WY မူးယစ်ဆေးပြားများစွာ ဖမ်းဆီးရရှိခဲ့ကြောင်း၊ ယင်းနောက် ၈၈ ရပ်ကွက်အုပ်ချုပ်ရေးမှူး တောက်တဲ့(ခ) ဇော်လွင်နှင့်သားများကိုပါ ဖမ်းဆီးပြီး နေအိမ်မှ ပစ္စည်းအများအပြားကိုလည်း ချိတ်ပိတ် သိမ်းဆည်းသွားကြောင်း သိရှိရသည်။

” သူ့အိမ်ကို စစ်တပ်နဲ့ ရဲက ၀ိုင်းဖမ်းတယ်။ အဲဒီမှာ သူ့အိမ်ကနေ ငွေကျပ် ၁ သောင်းတန် ဆာလာအိတ် ၅ အိတ် အပြည့်မိတယ်။ မူးယစ်ဆေးပြားတွေလည်း တော်တော်များများမိတယ်။ သူရော သူ့သားတွေကိုရော ဖမ်းသွာတးယ်” ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောဆိုသည်။

ဖမ်းဆီးခံလိုက်ရသော အမှတ် ၈၈ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဇော်လွင်(ခ) တောက်တဲ့သည် စစ်အာဏာမသိမ်းမီက တစ်နေ့လုပ် တစ်နေ့စား အခြေခံလူတန်းစားသာဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ဝင်ရောက် လုပ်ကိုင်ပြီးနောက် အလွန်ချမ်းသာလာကြောင်း၊ နှစ်အနည်းငယ်အတွင်း ကား ၆ စီး၊ ဆိုင်ကယ် ၁၅ စီးနှင့် နေအိမ်ကိုလည်း ပြုပြင်တည်ဆောက်ခဲ့ကြောင်း သိရှိရသည်။

“အရင် စစ်အာဏာမသိမ်းမီက သူကအရမ်းဆင်းရဲတယ်။ ဘယ်လောက်ဆင်းရဲလဲဆိုရင် ကုန်းကောက်စရာမရှိတဲ့ဘဝကနေပြီးတော့ ဘယ်သူမှ ရပ်ကွက်အုပ်ချုပ်ရေးမှူး မလုပ်ရဲတဲ့အချိန်မှာ အုပ်ကြီးလုပ်တယ်။ အဲဒီကစပြီး ချမ်းသာလာတာ ကားတင် သူ့အိမ်မှာ ၆ စီး။ ဆိုင်ကယ် ဘီးကြီးဆိုရင် ၁၅စီး ရှိတယ်။ သူ့အိမ်ကိုလည်း နန်းတော်ကြီးတစ်ခုလိုကို ပြင်ဆောက်လိုက်တာ” ဟု ရပ်ကွက်ပြည်သူက ပြောဆိုသည်။

အမှတ် ၈၈ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဇော်လွင်(ခ) တောက်တဲ့၏ သားအကြီးမှာ အမှတ် ၈၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်ပြီး သားဖြစ်သူကိုပါ စစ်တပ်က မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် ဖမ်းဆီးထားကြောင်း သိရှိရသည်။

အမှတ် ၈၈ ရပ်ကွက်အုပ်ချုပ်ရေးမှူး တောက်တဲ့(ခ) ဇော်လွင်မှာ ၂၀၂၂ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၂၃ ခုနှစ်တွင် တစ်ကြိမ် တော်လှန်ရေးရဲဘော်များ၏ ပစ်ခတ်မှုများ ခံခဲ့ရသော်လည်း အသက်မသေဘဲ ဒဏ်ရာရရှိကာ လွတ်မြောက်ခဲ့သူလည်းဖြစ်သည်။

စစ်တပ်အားကိုးဖြင့် ရပ်ကွက်နေပြည်သူများအပေါ် ရိုင်းစိုင်းဖိနှိပ်ကြမ်းတမ်းသော ရပ်ကွက်အုပ်ချုပ်ရေးမှူး တောက်တဲ့ (ခ) ဇော်လွင် ဖမ်းဆီးခံရမှုအတွက် ရပ်ကွက်နေပြည်သူများက ဝမ်းသာနေကြကြောင်း သိရှိရသည်။

“ဇော်လွင် အဖမ်းခံရလို့ ပြည်သူတွေမှာ ဘယ်လောက်ဝမ်းသာလဲဆိုရင် အလှူတောင် ထလုပ်တဲ့လူရှိတယ်”ဟု ရပ်ကွက်ပြည်သူက ဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article